မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် နိုဝင်ဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်နှင့်တန်ဆောင်တိုင်ပွဲတော်ကိုကျင်းပ
ပြုလုပ်လျက်ရှိရာ ရိုးရာမီးပုံပျံလွှတ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၃ မှ ၂၅ အထိ ပြုလုပ်မည်ဖြစ်ပြီး
ယင်းပြိုင်ပွဲမှ မီးပုံးပျံပျက်ကျမှုကြောင့် နစ်နာမှုများ ဖြစ်ပေါ်လာပါက ရွှေမင်းသား ဦးမောင်မောင်မှ
လျော်ကြေးငွေ ကျပ်သိန်း ၁၀၀ ပေးရန်အတွက် လျာထားကြောင်း သိရသည်။
.
.
“ဒီနှစ်မှ
မီပုံးပျံကျ လောင်ကျွမ်းမှုကြောင့် နစ်နာသူတွေရှိခဲ့ရင် လျော်ကြေးပေးနိုင်အောင် အလှူရှင်က
သတ်မှတ်တာပါ။ ၁၀၀ အောက်ဆိုရင် ကော်မတီကနေ စိစစ်လျော်ကြေးပေးမှာဖြစ်ပြီး အများဖြစ်ရင်လဲ
ခွဲဝေပေးရမှာဖြစ်ပါတယ်”ဟု ပွဲတော် ကျင်းပရေးကော်မတီဥက္ကဌ ဦးခင်မောင်လေးက ပြောသည်။
အောင်ပန်းမြို့လုံးကျွတ်
စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင်
ငွေကျပ် သိန်း ၁၀၀၀၀ ခန့် လှူဒန်းနိုင်ခဲ့ကြောင်းနှင့် နှစ်စဉ်အလှည့်ကျ မဲချလှူဒါန်းသည့်
မြို့လုံးကျွတ်ပဒေသာပင်မှာ ၂၀၁၇ ခုနှစ်က ကျပ် ၃၁၂ သိန်းရှိခဲ့ပြီး မြို့ပေါ်ရှိကျောင်း
၁၄ ကျောင်းသို့ မဲနှိုက်လှူဒါန်းခဲ့ကြောင်းနှင့် ယခုနှစ်တွင် မဟာဂန္ဓာရုံကျောင်း အလှည့်ကျကြောင်း
သိရသည်။
.
ပွဲတော်မှဆိုင်ခန်းများအတွက်
ယခုနှစ်တွင် ပွဲခွန် ကျပ်သိန်း ၂၂၀ ဖြင့်ချပေးထားပြီး ၀င်ငွေများအား မီးပုံပျံ၊ မီးကြာဆံ
(မီးကလပ်)ဆုပေးရန်နှင့် လုံခြုံရေးအတွက်သုံးစွဲခဲ့ပြီး ပိုငွေကို မြို့ဖွံ့ဖြိုးရေးကော်မတီသို့
ပေးအပ်ကာ မြို့ရေပေးဝေရေး၊ လူမှုကူညီရေးအသင်းနှင့်အခြားမြို့အတွက် လိုအပ်ချက်များအားသုံးစွဲကြောင်း
သိရသည်။
.
ပွဲတော်ကျင်းပရေးကော်မတီကို
အောင်ပန်းမြို့ပေါ် ရပ်ကွက် ၁၂ ခုမှ မြို့မိမြို့ဖများ စုစုပေါင်း ၇၃ ဦးဖြင့် ဖွဲ့စည်းကာ
ဆပ်ကော်မတီ ၁၅ ခုဖြင့်လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၏
အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးထွန်းထွန်းနိုင်က ရှင်းပြသည်။
.
“ကွင်းက ကိုက်
၃၀၀ ပဲရှိတာကြောင့် ပရိတ်သတ်တွေ အန္တရာယ်မဖြစ်အောင် ကွင်းအပြင်ကပဲ ကြည့်ရမှာပါ။ ဒီထက်
ပိုကျယ်တဲ့ မီးပုံးပျံကွင်းရှိရင် ပိုကောင်းပါမယ်။ လျာထားမှုကတော့ ပထမဆု ၈ သိန်း၊ ဒုတိယဆု
၅ သိန်း တတိယဆု ၃ သိန်း သတ်မှတ်ထားပါတယ်။ အမှန်တစ်ကယ်ဆိုရင် ဒီနှစ်က အရင်နှစ်က လုပ်တဲ့မီးပုံပျံမျိုးထက်
၃ ဆပိုကုန်ကျပါတယ်။ တစ်လုံးကို ပျှမ်းမျှ ၁၅ သိန်းလောက်ကုန်ပါတယ်၊ အချိန်လဲ ၃လ လောက်ကတဲက
ကြိုလုပ်ရပါတယ်”ဟု၎င်းက ပြောသည်။
.
မီးပုံးပျံပြိုင်ပွဲတွင်
မီးကြီး ၁၂ လုံး ကို နိုဝင်ဘာ ၂၃ မှ ၂၅ ရက်အထိ တစ်ညလျှင် ၄ လုံးကျလွှတ်တင်မည်ဖြစ်ကာ
ဖွင့်ပွဲနေ့ တွင် မီးပစ်စင် ၅ ခုမှ မီးကျည်အလုံး ၅၀ ပစ်လွှတ်မည်ဖြစ်ကာ အလှမီးကျည် အလုံး
၃၀ ကိုလည်း ပစ်လွှတ်မည်ဖြစ်ကာ ပိတ်ပွဲနေ့တွင် မီးကျည်များကိုဖောက်ခွဲမည်ဖြစ်ကြောင်း
သိရသည်။
.
ယမန်နှစ်က
မီးပုံးပျံများကို ရေလုံအိတ်များဖြင့်သာပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ ရှမ်းစက္ကူများဖြင့်ပြုလုပ်သွားမည်ဖြစ်ကာ
ခေါင်အချင်း ၂၀ ပေမှ ၂၄ ပေနှင့်ယမ်းချိန် ၂၀ ပိဿာ သတ်မှတ်ထားကြောင်း
.
ယမန်နှစ်က
အောင်ပန်းစုပေါင်းမဟာဘုံကထိန်နှင့် တန်ဆောင်တိုင်ပွဲတော်သို့ ပွဲလာပရိတ်သတ် ၁ သိန်းကျော်ရှိခဲ့ပြီး
တောင်ကြီးမဟာတန်ဆောင်တိုင်ပြီးစီးသည့်ရက်များတွင် ကျင်းပခြင်းဖြစ်သဖြင့် ပွဲတော်လာလူထုမှာ
ယခင်နှစ်လိုပင် စည်ကားမည်ဟုခန့်မှန်းကာ ပွဲတော်လာပရိသတ်များအတွက် VVIP/VIP စသည်များ
သတ်မှတ်ထားခြင်းမရှိဘဲယာဉ်များ စနစ်တကျရပ်ရန် ဆောင်ရွက်ပေးထားကြောင်း ပွဲကော်မတီဝင်များက
ပြောကြားခဲ့သည်။
.
.
.
#KBZTai
#Shan