အခြေခံပညာဦးစီးဌာန နေ့စားလပေး ဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးရန် အခက်အခဲရှိနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အခြေခံပညာဦးစီးဌာန နေ့စားလပေး ဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးရန် အခက်အခဲရှိနေဟု ဆို



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန အောက်ရှိ အခြေခံပညာကျောင်းများ၊ ရုံးများ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် နေ့စားလပေး ရုံးဝန်ထမ်းများအား အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်အပ်ပေးနိုင်ရန် မည်ကဲ့သို့ လျာထားဆောင်ရွက်လျက် ရှိကြောင်း မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ မေးခွန်းမေးမြန်းမှုနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှ ဖွဲ့စည်းပုံအသစ်အရ နေရာချထားပေးရန် အခက်အခဲရှိနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
.
.
ယင်းကဲ့သို့ မေးခွန်းမေးမြန်းခဲ့သည့် မိုင်းရယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ''ဝန်ကြီးဌာနအနေနဲ့ နေ့စားလပေးဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ဖို့ အစီအစဉ်မရှိဘူးဆိုရင် အစကတည်းက တာဝန်ပေးခန့်အပ်ဖို့ မသင့်ပါဘူး။ တချို့ က ဘဝနဲ့ရင်းရတဲ့ ကိစ္စကြီးဖြစ်လို့ မျှော်လင့်ချက်နဲ့ အမြဲတမ်း ဝန်ထမ်း မဖြစ်ခင် နေ့စားလပေးနဲ့ အလုပ်ဝင်ခဲ့ကြပြီး ၃/၄နှစ်ကျမှမခန့်ဘူးဆိုတော့ ရက်စက်လွန်းရာကျပါတယ်။ နေ့စားလပေး ဝန်ထမ်း ၄ဝဝဝ ကျော်ရဲ့ ဘဝရှေ့ရေး အာမခံရရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ တစ်ခုခု စဉ်းစားဆောင်ရွက်ပေးသင့်တယ်''ဟု ပြောကြားခဲ့သည်။
.
လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်အရ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတွင် နေ့စားလပေး ရုံးဝန်ထမ်း ၄ဝ၂၂ ဦးရှိနေပြီး လက်ရှိ အခြေအနေတွင် အခြေခံပညာဦးစီးဌာန၏ ဖွဲ့စည်းပုံအသစ် ပြင်ဆင်ရေးဆွဲနေရာ အဆိုပါ နေ့စား လပေးဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများအဖြစ် နေရာချထားပေးရန်အခက်အခဲဖြစ်နိုင်ကြောင်း၊ ဌာနတွင်ဆရာ၊ ဆရာမများ၊ မူလတန်းပြ ၅ဝ၈၂ဝ ဦး၊ အလယ်တန်းပြ ၂၂၃၃၁ ဦး၊ အထက်တန်းပြ ၁၁၃၅ဝ ဦး လိုအပ်လျက်ရှိပြီး ၄င်းတို့အား ခန့်ထားရန် ရှေးဦးစွာဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ ဖွဲ့စည်းပုံအသစ်အား ပြင်ဆင်အတည်ပြုပြီးပါက နေ့စားဝန်ထမ်းများထဲမှ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများကို ရေးဖြေ စစ်ဆေးပြီး အောင်မြင်သူ များကိုသာ အမြဲတမ်း ဝန်ထမ်း အဖြစ် ခန့်ထားနိုင်ရေးအတွက် သတ်မှတ်မှုနှင့်အညီ ရေရှည် စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats