မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ အောင်ပန်းတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်
မီးပုံးပျံအဖွဲ့များမှ အောင်ပန်းမြို့ပေါ်လူနေရပ်ကွက်များတွင် ပြုလုပ်သိမ်းဆည်းထားရှိကြရာ
တစ်စုံတစ်ရာ ဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် နိုဝင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊
ဦးသန်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပွဲကျင်းပရေးကော်မတီဝင်များမှ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း
သိရသည်။
.
.
“ပွဲမတိုင်ခင်
အိမ်တွေမှာ မတော်တဆမီးလောင်ကျွမ်းမှု မဖြစ်ပွားအောင်လို့ ထားသိုမှုအခြေအနေတွေ စနစ်တကျရှိမရှိ
လိုက်လံစစ်ဆေးပါတယ်။ မီးသတ်ဆေးဘူးတွေနဲ့ ရေကန်တွေ ကအစ လိုအပ်တာတွေ ဆောင်ရွက်ထားရှိစေဖို့
အသိပညာပေးပြီး တတ်နိုင်သမျှ ကူညီပေးခဲ့ပါတယ်”ဟု အောင်ပန်းမြို့၊ မီးသတ်ဌာနမှ ဦးအောင်ပြည့်စုံက
ပြောသည်။
မီးပုံးပျံယမ်းများအား
ဘူးများဖြင့် စနစ်တကျထားရှိမှု အခြေအနေ၊ ရေကန်များ ရေအပြည့်ဖြည့်ဆည်းထားရှိမှု အခြေအနေနှင့်
မီးသတ်ဆေးဘူးများ၊ ရေစိုအ၀တ်များ အဆင်သင့်ထားရှိနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးပုံးပျံသယ်ဆောင်ရာတွင်
ကား နောက်ပိုင်း၌ မီးသတ်ဘူးများသယ်ဆောင်ရန်တို့ကို စစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။
.
ထို့အပြင်
ပြိုင်ပွဲကွင်းအတွင်း အများပြည်သူလူထု မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် မီးသတ်တပ်ဖွဲ့မှ
မီးသတ်ယာဉ် ၁ စီးနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ စခန်းတွင်
အရန်သင့်အနေအထာဖြင့် မီးသတ်ယာဉ် ၁ စီးနှင့် တပ်ဖွဲ့ဝင် ၅ ဦးတို့ဖြင့်လည်းကောင်း တာဝန်ချထား
ဆောင်ရွက်သွားမည်ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
“မြို့ နှစ်
၅၀ ပြည့်ကနေ အခု ၄ နှစ်မြောက်သည်အထိ နှစ်တိုင်း အခုလိုစစ်ဆေးပါတယ်။ အကယ်၍ ဘေးအန္တရာယ်
တစ်စုံ တစ်ရာ ဖြစ်လာခဲ့ရင်လည်း ကူညီဆောင်ရွက်ပေးဖို့ ကော်မတီက စီစဉ်ထားပါတယ်။ ကိုယ့်မြို့ကိုယ့်ရွာ
တိုးတက်ပျော်ရွှင်ဖို့ တတ်နိုင်တဲ့နေရာကနေ အားဖြည့်ကူညီပေးတာဖြစ်ပါတယ်”ဟု ပွဲတော်တော်ကျင်းပရေး
ကော်မတီဝင် ရွှေမင်းသား ဦးခင်မောင်ဝင်းက ဆိုသည်။
.
၎င်းအနေဖြင့်
ပွဲတော်ကာလအတွင်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက ကူညီနိုင်ရေးအတွက် ငွေကျပ် သိန်း
၁၀၀ စိုက်ထုတ်မတည်ပေးထားကြောင်း သိရသည်။
.
“အရင်နှစ်က
မီးပုံးပျံတစ်လုံး ၂ သိန်းခွဲလောက်ပဲကုန်တယ်။ ဒီနှစ်က အားလုံး ၁၈ သိန်းလောက်ကျမယ်။
ဆုရတာ မရတာထက် ဘုရားရှင်ကို ပူဇော်သကာရပြုတဲ့ အလှူသဘောမို့ ပေးတဲ့ဆု တန်ဖိုးနည်းပေမဲ့
လှူတယ်လို့ပဲ သဘောထားပါတယ်” ဟု အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်မှ `လေဟာနယ်`မီးပုံးပျံခေါင်းဆောင်
ကိုသားငယ်က ပြောသည်။
.
အောင်ပန်းမြို့
စုပေါင်းမဟာကထိန်တော်နှင့်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိပြုလုပ်
လျက်ရှိရာ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၂၃ မှ ၂၅ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
ပြိုင်ပွဲတွင် ညစဉ် ညမီးကြီး ၄ လုံးစီဖြင့် စုစုပေါင်း မီးပုံပျံ ၁၂ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan