ပင်လုံ မြို့မအားကစားကွင်းအား မူလအတိုင်း ပြန်လည် ရရှိရေးအတွက် တောင်းဆိုသွားမည်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လုံ မြို့မအားကစားကွင်းအား မူလအတိုင်း ပြန်လည် ရရှိရေးအတွက် တောင်းဆိုသွားမည်ဟု ဆို


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ မြို့မ အားကစားကွင်းအား ယခင်က ကာရံထားသည့် အုတ်တံတိုင်း၏ အတိုင်းအတာအတိုင်း ပြန်လည် ရရှိရေးအတွက် ဒေသခံ ၃ဝဝ ခန့်မှ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ ဥက္ကဌထံသို့  အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် ပြန်လည်၍ တောင်းဆိုသွားရန်ရှိကြောင်း လွိုင်လင်ခရိုင် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးစိုင်းစံလင်းက ပြောကြားခဲ့သည်။
.
.
'' လူငယ်တွေ အားကစားမှာ ပိုမို ပါဝင်လာနိုင်ဖို့ အဲဒီတုန်းက အုပ်ချုပ်ရေးမှူး ကိုယ်တိုင် သတ်မှတ်ပြီး တံတိုင်းကို ခတ်ခဲ့တာပါ။ အခုနောက်ပိုင်းမှာ ကွင်းကျယ်လို့ အကြောင်ပြပြီး လူနေအိမ်ခြေတွေ ချပေးခဲ့တယ်။ ကျွန်တော်ဟာ ၁၉၆၆ ကတည်းက ခရိုင်ကိုယ်စားပြု ဘောလုံး အားကစားသမား တစ်ဦး ဖြစ်ပေမဲ့ အားကစားပိုင်းမှာ ဘာမှ ပူးပေါင်းညှိနှိုင်းတာ မခံရတော့ပါဘူး။ အခုဆိုရင် အရင် ကွင်းဧရိယာထဲမှာ လူနေတိုက်ခန်းတွေ ချထားပေးတာ ကွင်းအတိုင်းအတာက နည်းသွားတော့ မိုးလုံလေလုံအားကစားကွင်း ဖြစ်ဖို့၊ အခြားသော ဘော်လီဘော၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း စတဲ့ ကွင်းတွေအတွက် နေရာ မရှိတော့ပါဘူး။ ပြီးတော့ တစ်နှစ်မှာ ဘောလုံးပွဲလေး တစ်ကြိမ် လုပ်တာလောက်ပဲ တွေ့ရတော့ လူ ငယ်တွေ အားကစား ကဏ္ဍထက် မူးယစ်ဆေးဝါးနဲ့ အခြားကတွေမှာ ပျက်စီးနေကြတာဟာ မြို့ရဲ့အနာ ဂတ် မကောင်းနိုင်ဘူး။ ဒါကြောင့် အားလုံး တိုင်ပင်ပြီး ဒုသမ္မတဆီကို တင်ပြထားတာ မထူးလို့ ထပ်ပြီး ထိရောက်စွာနဲ့ တင်ပြသွားဖို့ လုပ် ဆောင်နေပါတယ်''ဟု ၄င်းက ပြော ကြားသည်။
.
ပင်လုံမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ အားကစားကွင်းကို လွန်ခဲ့သည့် နှစ် ပေါင်း များစွာ ကတည်းက မြို့မ အားကစား ကွင်းအဖြစ် လည်းကောင်း၊ ရှမ်းရိုးရာ နှစ်သစ်ကူးပွဲများ၊ ပြည်ထောင်စုနေ့ ပွဲများ ကျင်းပရာ ကွင်းအဖြစ် လည်းကောင်း အတည်ပြု သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး၊ ၂ဝဝ၃ ခုနှစ်တွင် မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးသန်းလွင်၏ ဦးဆောင်မှုဖြင့် အုတ်တံတိုင်း ကာရံခဲ့ကြောင်း၊ ၂ဝဝ၉ ခုနှစ်၌ အားကစားကွင်း၏ အတွင်းဘက် အခြမ်းများအား အိမ်ကွက်များအဖြစ် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အားကစားကွင်းအား ရောင်းချမှုနှင့် ပတ်သက်၍ ယခင် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် မြို့လူထု ၁၅ဝ မှ လက်မှတ်ရေးထိုး တိုင်ကြားခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ လာရောက် စစ်ဆေး သွားခဲ့သော်လည်း ထူးခြားမှု မရှိ ခဲ့သည့် အပြင် နိုင်ငံတော်သမ္မတ ထံသို့ စာပေးပို့ တင်ပြခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ၂ဝ၁၆ ခုနှစ်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူ၍ ဒေသခံ ၂၉၅ ဦးမှ လက်မှတ်ရေးထိုး တင်ပြခဲ့သော်လည်း မထူးခြား ကြောင်း သိရသည်။
.
'' အခု ဒီဇင်ဘာလ အကုန်ထိ စောင့်နေပါတယ်။ နိုင်ငံတော်သမ္မ တကြီး ဦးဝင်းမြင့်က ခုနှစ်ကုန်မှာ မတရား သိမ်းဆည်းခံရတဲ့ မြေတွေ ကိစ္စ ပြီးပြတ်အောင် လုပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်နဲ့အညီ ဖြစ်လာစေ ဖို့ မျှော်လင့်နေပါတယ်။ အကယ်၍ မဖြစ်လာဘူးဆိုရင်တော့ လူထုရဲ့ ဆန္ဒအရ ထပ်မံထိရောက်မယ့် တင် ပြမှုတွေ လုပ်ဆောင်သွားဖို့ အစီ အစဉ်ရှိပါတယ်။ လူထုအစိုးရ ဖြစ်တဲ့ အတွက် လူထုအသံကို နားထောင် လိမ့်မယ်ထင်ပါတယ်'' ဟု ပင်လုံ မြို့နေ ဦးစိုးညွန့်က ဆိုသည်။
.
ယင်းအားကစားကွင်း ကိစ္စနှင့် စပ်လျဉ်း၍ လက်ရှိ ပင်လုံမြို့၊ အား ကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်မိုးမိုးအေးအား  ဆက်သွယ် မေးမြန်းရာတွင် ကွင်းဘေးရှိ လူ နေအိမ်ခန်းများကြောင့် မည်သည့် ထိခိုက်မှုမျှ မရှိကြောင်း၊ ရာသီအ လိုက် အားကစားများအား ကျင်းပ လျက်ရှိရာ မည်သည့် ထိခိုက်မှုမျှ မတွေ့ရကြောင်း၊ လူနေအခန်းများမှ စွန့်ပစ် ပစ္စည်းများ အပါအဝင်၊ အနံ့များကြောင့် လည်းကောင်း၊ ပွဲကြည့်ပရိသတ် ကြည့်ရှုရာ နေရာ ကျဉ်းမြောင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းများ မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။
.
ပင်လုံမြိုမ အားကစားကွင်း၏ အနောက်ဘက်ခြမ်း၊ တောင်ဘက် ခြမ်း၊ မြောက်ဘက်ခြမ်းတို့၏ အတွင်းဘက်တွင် လူနေအခန်းများ ကို ဆောက်လုပ်လျက်ရှိရာ ၆ ခန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ကာ ၃ ခန်းမှာ လူနေထိုင်နေပြီ ဖြစ်ကြောင်းနှင့် နေရာ အများစုကို မတ်ကျန်း ဌာနေပြည်သူ့စစ်မှ ရယူထားခြင်းဖြစ် ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats