ကျောက်မဲတွင် ကျွဲ သယ်ဆောင်လာသည့် သုံးဘီးယာဉ် သေနတ်ဖြင့် အပစ်ခတ်ခံရကာ ယာဉ်မောင်း သေဆုံးပြီး ကျွဲများ ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ကျွဲ သယ်ဆောင်လာသည့် သုံးဘီးယာဉ် သေနတ်ဖြင့် အပစ်ခတ်ခံရကာ ယာဉ်မောင်း သေဆုံးပြီး ကျွဲများ ဒဏ်ရာရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအနီးတွင် နိုဝင်ဘာလ ၄ ရက် ည ၉ နာရီကျော်ခန့်၌ကျောက်မဲ သားသတ်လိုင်စင်မှ ကျွဲ သယ်ဆောင်လာသည့် သုံးဘီးယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံး၍ ကျွဲများ ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြိ့၊ ဇိဝီတလူမှုကူညီရေးအသင်းမှ သိရသည်။
.

" ညက လက်နက်ငယ် ပစ်သံ အတွဲလိုက် ၂ ခါ လောက်ကြားရတယ်။ တာဝန်ရှိသူတွေလည်း ခြုံခိုအတိုက်ခံရမှာကို သတိထားရင်း ပြောင်းခင်းတွေထဲကနေ အခင်းဖြစ်နေရာကို ရှင်းလင်းခဲ့ရတယ်လို့သိရတယ်။ အရင် နွားတင်ကားကိုပဲ ပစ်တာမျိုး ရှိခဲ့ပေမယ့် ခုတော့ သုံးဘီးဆိုင်ကယ်ကိုပါ ပစ်လာကြပြီ" ဟု ဇီဝိတလူမှုကူညီရေးအသင်း တာဝန်ခံ ဦးတင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ကျောက်မဲမြို့ တောင်ဘက်  ၇ မိုင်ခန့် ကွာဝေးသည့် စခန်းသာကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၀၃/၁) တွင် ကျောက်မဲသားသတ်လိုင်စင်မှ ကိုဖိုးလုံး ပိုင်ဆိုင်သည့် ကျွဲ ၂ ကောင်ကို တင်ဆောင်လာသော ကျောက်မဲမြို့၊ ရပ်ကွက်(၂)၊ နယ်မြေ(၁၂)၊ နမ့်တုံရပ်နေ ယာဉ်မောင်း ထက်မြတ်(ခ)ညိုလုံး မောင်းနှင်လာသည့် သုံးဘီးယာဉ်အား နိုဝင်ဘာလ ၄ ရက် ည ၉နာရီ ၁၅ မိနစ်ခန့်တွင် လမ်း၏ ယာဘက်ဘေး ကိုက် ၁၀၀ ခန့်အကွာမှ လက်နက်ကိုင်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ယာဉ်၏ ယာဘက်တွင် ၁၀ ချက်ခန့် ထိမှန်ပြီး ယာဉ်မောင်း ထက်မြတ်မှာ ၀ဲဘက် နားထင်နှင့် မျက်ခုံးစပ်တို့တွင် ကျည်ထိမှန်သည့် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ရသည့် အပြင်
တင်ဆောင်လာသော ကျွဲ ၂ ကောင်မှာလည်း ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
.

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်သူ လက်နက်ကိုင်အဖွဲ့အား တာဝန်ရှိသူများက စိစစ်လျက်ရှိပြီး ကျောက်မဲ မြို့မ ရဲစခန်းတွင် (ပ)၄၃၇/၂၀၁၈၊ ပုဒ်မ ၃၀၇/ ၃၂၈/ ၄၂၉ ဖြင့် အမှုဖွင့်လှစ်၍ နယ်မြေလုံခြုံရေးကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats