ကျိုင်းတုံတွင် ဆောက်လုပ်ရေးနှင့် ပရိဘောဂလုပ်ငန်းများ သစ်ခွဲသား ကုန်ကြမ်းရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် ဆောက်လုပ်ရေးနှင့် ပရိဘောဂလုပ်ငန်းများ သစ်ခွဲသား ကုန်ကြမ်းရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အဆောက်အဦဆောက်လုပ်ရန်နှင့် အိမ်သုံးဖြစ်သည့် ပရိဘောဂ ပစ္စည်းများ ထုတ်လုပ်ရန်အတွက် သစ်ခွဲသားကုန်ကြမ်း ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးရုံးနှင့် တွဲဘက်ပြည်နယ်သစ်တောဦးစီးဌာနတို့သည် မြို့နယ် အတွင်း၌ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ရောင်းဝယ်ခြင်း လုပ်ငန်းများ မရှိစေရေးနှင့် ယင်းလုပ်ငန်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ ကင်းရှင်း ကြရန် ညွှန်ကြားချက်များ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် သစ်အခြေခံကုန်ကြမ်းများရရှိရန် ခက်ခဲလာခြင်း ဖြစ်ကြောင်းသိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် မိုင်းခုတ်ကျေးရွာအုပ်စု၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်မတ်လယ် ကျေးရွာအုပ်စု၊ ယန်းကြိမ်ကျေးရွာအုပ်စုနှင့် တောင်ပေါ်ကျေးရွာအချို့၏ ပတ်ဝန်းကျင်ဒေသများရှိ သဘာဝ တောထွက်သစ်များကို တရားမဝင် ခိုးထုတ်မှုများရှိနေပြီး သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စစ်ဆေးကြပ်မတ်နေမှုကြောင့် သစ်ထုတ်လုပ်ငန်း အဆင်မပြေဖြစ်ပေါ်နေသည်ဟု သိရသည်။
.
''အခုနောက်ပိုင်းမှာ သစ်က တော်တော်လေးရှားလာပါတယ်။ နောက်ပြီး သံစတီးနဲ့ အလူမီနီယံသုံးတဲ့ အဆောက်အဦနဲ့ အိမ်ထောင်ပစ္စည်းတွေခေတ်စားလာတော့ လက်သမား လုပ်စားနေရတာလည်း သိပ်အဆင် မပြေ တော့ပါဘူး''ဟု ကျိုင်းတုံမြို့နေ အဆောက်အဦနှင့်ပရဘောဂလုပ်ငန်း လုပ်ကိုင်သည့် လက်သမားဆရာ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှု အခြေအနေနှင့်ပတ်သက်၍ ဒေသခံတိုင်းရင်းသားဦးစိုင်းဆိုင် ဆိုသူက ''လက်ဆွဲသစ်စက်လေးတွေကို လွယ်လွယ်ကူကူ ဝယ်ယူအသုံးပြုခွင့် ရနေတော့ သစ်တော ပြုန်းတီးမှာကို စိုးရိမ်နေရပါတယ်။ သူ့နည်း သူ့ဟန်နဲ့ တရားမဝင် သယ်ဆောင်ခွင့် ရနေသေးတယ်ဆိုတာကို မြို့ရှောင်လမ်းတွေနဲ့ မြို့အဝင်အထွက် ဂိတ်တွေကို သွားကြည့်မယ်ဆိုရင် တွေ့နိုင်ပါတယ်''ဟု ၄င်း၏အမြင်အား ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့တွင်းရှိ သစ်အရောင်းဆိုင်များတွင် ဒေသထွက်သစ်ခွဲသားများ၏ ရောင်းဈေးမှာ တစ်တန်လျှင် ကျပ် ၆ သိန်းခွဲရှိပြီး ကားလမ်းပေါက်သည့်တောရွာများတွင် သစ်ခွဲသားတစ်တန်လျှင် ငွေကျပ် ၃ သိန်းခွဲနှင့် ၄ သိန်း ကျပ် ဝန်းကျင်ဖြင့် ဝယ်ယူနေရသော်လည်း နိုဝင်ဘာလတွင် သစ်ခွဲသားအရောင်းဈေးကွက်၌ သစ်ဝင်ရောက်မှု မရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats