အရေးကြီးကုန်စည်နှင့် လိုင်စင်စီ သတ်မှတ်ချက်ကြောင့် ရှမ်းပြည်နယ်ရှိ တစ်ပိုင်တစ်နိုင် နွားမွေးမြူသူများ အဆင်မပြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အရေးကြီးကုန်စည်နှင့် လိုင်စင်စီ သတ်မှတ်ချက်ကြောင့် ရှမ်းပြည်နယ်ရှိ တစ်ပိုင်တစ်နိုင် နွားမွေးမြူသူများ အဆင်မပြေ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
နွားကို အရေးကြီးကုန်စည်စာရင်း၌ ထည့်သွင်းထားပြီး သားသတ်လိုင်စင်စီ ရရှိထားသူများ၏ ခွင့်ပြုချက်ဖြင့်သာ ရောင်းချရခြင်းကြောင့် ရှမ်းပြည်နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင်နွားမွေးမြူသူများအတွက် အဆင်မပြေ ဖြစ်ပေါ် နေသည်ဟု မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
.
.
''အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားတဲ့အတွက် ရဲအရေးပိုင်အမှု ဖြစ်တယ်။ တစ်နယ်ကနေ တစ်နယ်ကို ပြောင်းရင် ခွင့်ပြုချက်ယူရတဲ့အပြင် သယ်ယူခွင့် လက်မှတ်အတွက်လည်း လိုင်စင်စီရှိတဲ့သူတွေကို ငွေပေးရ တယ်။ အဲဒါကြောင့်ကျွန်တော်တို့လို တစ်နိုင်တစ်ပိုင်နွားမွေးမြူသူတွေ ရောင်းချရာမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။ ရှမ်းတောင်မှာကတော့ ကျွန်တော်တို့ရွာက အများဆုံး မွေးမြူတာပါ။ အနီးတဝိုက်မှာ ရှိတဲ့ ဟဲဟိုး နွားပွဲဈေး၊ အောင်ပန်းနွားပွဲဈေးတို့ ပင်းတယက ပွေးလှနွားပွဲဈေးတို့မှာ သယ်ယူရောင်းချနေကြတာပါ''ဟု တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာမှတစ်နိုင်တစ်ပိုင် နွားမွေးမြူသူ ကိုမောင်ဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လိုင်စင်စီ ကိုင်ဆောင်ထားသူများက တစ်မြို့နယ်မှ တစ်မြို့နယ်ကို သယ်ဆောင်ခြင်းကိုသာမက ကျေးရွာတစ်ခုနှင့်တစ်ခု သယ်ဆောင်ခြင်းကို လိုက်လံစစ်ဆေးကာ ငွေကြေးကောက်ခံမှုများ ပြုလုပ်လျက် ရှိသည့် အပြင် ရဲအရေးပိုင်မှု ဖြစ်သော သက်ဆိုင်ရာ နယ်မြေရဲများမှလည်း ငွေကြေးကောက်ခံမှုများရှိနေ ကြောင်း သိရသည်။
.
''နွားကို တစ်ရွာကနေ တစ်ရွာသယ်တာ တစ်ကောင်ကို ၆၅ဝဝ ကျပ်ပေးရတယ်။ လက်မှတ်လည်း မပေးတာ များတယ်။ အဲဒါတင်မပြီးသေးဘူး။ နွားပွဲဈေးတွေမှာ ရောင်းချရင်ဖြစ်စေ၊ အသားဖော် ရောင်းရင်ဖြစ်စေ အမြဲပေးနေရတယ်။ ဒါတွေကို ဖြေလျှော့ပေး စေချင်ပါတယ်''ဟု ပင်းတယမြို့မှ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးငွေသိန်းမှလည်း ပြောကြားခဲ့သည်။
.
နွားများကို ရောင်းချရာတွင်လည်း လိုင်စင်စီရရှိထားသောသူများကသာ ဈေးနှုန်းဖြတ်ခွင့်ရှိသဖြင့် မွေးမြူသူများ အတွက် ထိုက်သင့်သော နှုန်းထားတစ်ခုရရှိရန် ခက်ခဲနေသကဲ့သို့ တရုတ်ပြည်သို့ တင်ပို့ရောင်းချရာတွင် ဝယ်ယူသူများကပူးပေါင်းကာ နွားများအား ဈေးနှုန်းတစ်ရပ်သတ်မှတ်ပြီး ဈေးနှိမ်ဝယ်ယူခြင်းကို ခံနေရကြောင်း ဦးငွေသိန်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တွင် ကျွဲ၊ နွားများကို ပြည်ပသို့တရားဝင်တင်ပို့ရောင်းချခွင့် လိုင်စင်များကို မူဆယ်တစ်မြို့တည်း ၌သာ ထုတ်ပေးလျက်ရှိရာ ယခုအခါ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များ၌ ထုတ်ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats