နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် သမိုင်းဝင် မန်ဆူဆုတောင်းပြည့်စေတီတော်
ပရဝဏ်အား ဒုတိယမြောက် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်သတ်မှတ်ပြီး ဆိုင်းဘုတ်တင်ခြင်းနှင့်
စတစ်ကာဖြန့်ဝေခြင်းများကို နိုဝင်ဘာ ၂၂ ရက်ကပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
.
လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အရပ်ဘက်
မိတ်ဖက်အဖွဲ့အစည်းများ စုပေါင်းကာ အဆိုပါစေတီတော်မြတ်ကြီးပရဝဏ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်စေရန်
ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
''ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် ဆောင်ရွက်တဲ့လုပ်ငန်းမှာ အားဖြည့်တဲ့အနေနဲ့
ဆိုင်းဘုတ်တွေ ထောင်ဖြစ်တာပါ။ ဒါက ဒုတိယနေရာဖြစ်ပါတယ်။ ဆေးလိပ်ရောင်းချခွင့်လည်းမပြုဘူး။
ဆေးလိပ်သောက်တာ တွေ့ရင်လည်း တိုင်ကြားလို့ရပါတယ်။ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။''ဟု
မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဌာနမှူး ဒေါက်တာထွန်းလှဖြူကပြောသည်။
.
မန်ဆူစေတီတော်အပြင် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်မြတ်ကြီး၏
ပရဝဏ်ကိုလည်း ဆေးလိပ်ငွေ့ ရာနှုန်းပြည့်ကင်းစင်နယ်မြေအဖြစ် ဧပြီလအတွင်းက သတ်မှတ်ခဲ့ကြောင်း
သိရသည်။
.
''ကျွန်တော်တို့ကတော့ ကိုယ့်မြို့ကောင်းဖို့အတွက်လုပ်တာဖြစ်လို့
အတတ်နိုင်ဆုံးပါဝင်ကူညီသွားမှာပါ။ ပထမ အကြိမ်မှာလည်း ပါဝင်ခဲ့ပါတယ်။''ဟု ကမ္ဘောဇနာရေးနှင့်
လူမှုကူညီရေးအသင်းမှ ဦးဆောင်သူ ဦးဆန်းဦးက ပြောသည်။
.
အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲနှင့်အတူ ပရဟိတအသင်းများနှင့်ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ
လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး အေတီတံတားလမ်းဘေးတွင်လည်း ချယ်ရီပင်(၃ဝ)စိုက်ပျိုးခဲ့ပြီး
စက်ဘီးစီးပြိုင်ပွဲလည်းကျင်းပခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan