ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အရှေ့မြို့ပတ်လမ်းနှင့်
အနောက်မြို့ပတ်လမ်းတို့၌ ပြေးဆွဲ လျက်ရှိသော မြို့ပတ်ယာဉ်များမှာ ခရီးသည် ရရှိရန် အပြိုင်အဆိုင်
အရှိန်ပြင်းစွာ မောင်းနှင်လျက်ရှိနေသဖြင့် အများပြည်သူ ယာဉ်အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အတွက်
သက်ဆိုင်ရာဌာနများမှ စိစစ် ကြပ်မတ်ပေးရန် လိုအပ်နေကြောင်း တောင်ကြီး ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
.
''ပြည်သူတွေ အားလုံးကလည်း ဒီကိစ္စကို အရင်ကတည်းက ပြောနေကြတာပါ။ ဒါပေမဲ့
ဘာမှ ထူးမလာဘူး ဖြစ်နေတယ်။ မြို့ပတ်ကားတွေက သူ့ထက်ငါ ခရီးသည်အရင်ဦးအောင် အပြိုင်အဆိုင်
မောင်းနေကြတယ်။ အဲဒါက ဘာဖြစ်လာနိုင်လဲဆိုတော့ အများပြည်သူတွေအတွက် ယာဉ်အန္တရာယ် ဖြစ်လာနိုင်စေပါတယ်။
နောက်ပြီးတော့ အများ ပြည်သူလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ သူတို့ကတော့ ပြောလိုက်ရင်
ဝမ်းရေးအတွက် ရုန်းကန်နေရတာဆိုပြီး ပြောမှာပဲ။ ဒါပေမဲ့ အများ ပြည်သူကို ထိခိုက်စေနိုင်ပါတယ်။
အခုဟာက စာသင်ကျောင်း ရှေ့ဆိုရင် ကလေး တွေအတွက်လည်း စိုးရိမ်ရတယ်။ ဈေးတွေနားက လူထူထပ်တဲ့
နေရာတွေဆိုရင် အရှိန် လျှော့ မမောင်းဘူး။ ဒါတွေကို သက်ဆိုင်ရာက သေချာ စိစစ်ပြီး ကြပ်မတ်
ပေးသင့်ပါတယ်။''ဟုတောင်ကြီးဒေသခံ ကိုဘယ်ကျော်(ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့)က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့ပေါ်၌ ပြေးဆွဲလျက်ရှိသော မြို့ပတ်ယာဉ်များအနက် စည်းကမ်းတကျ
ပြေးဆွဲလျက်ရှိသော ယာဉ်များ ရှိသကဲ့သို့ခရီးသည် ရရှိရေးအတွက် အပြိုင်အဆိုင် မောင်းနှင်နေကြသော
ယာဉ်များလည်း ရှိနေပြီး ယင်းကဲ့သို့ မဆင်မခြင် မောင်းနှင် နေမှုများကြောင့် အများပြည်သူများအတွက်ယာဉ်အန္တရာယ်
ဖြစ်ပေါ်စေနိုင်ခြင်း၊အထူး သဖြင့် ကျောင်း သား၊ ကျောင်းသူများ၊ သက်ကြီးရွယ်အိုများအတွက်
ယာဉ်အန္တရာယ် စိုးရိမ်နေရပြီး ဈေးကဲ့သို့သော လူ ထူထပ်သည့် နေရာများတွင် ခရီးသည် ရရှိရန်
ပိုမို မြန်ဆန်စွာ မောင်းနှင်နေခြင်းတို့အား စိစစ်ကြပ်မတ် ပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း
သိရသည်။
.
''သူတို့စီးပွားရေးကို ထိခိုက်စေချင်လို့ ပြောတာတော့ မဟုတ်ပါဘူး။
ဒါတွေက တကယ်ထိန်းချုပ်ဖို့ လိုအပ်နေတာပါ။ အရှေ့မြို့ပတ်လမ်းထက် အနောက်မြို့ပတ်လမ်းက
ပိုဆိုးတယ်။ မီးသွေးတန်း လမ်းဆုံနားမှာဆို ခရီးသည်ပိုရ ကြတော့ ပိုပြီးအမြန်မောင်းနေကြတယ်။
သူတို့ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် ယာဉ်အန္တရာယ်ဆိုတာ အချိန်မရွေး ဖြစ်လာနိုင်တယ်။
အခုက လူထူထပ်တဲ့ နေရာတွေမှာလည်း မရှောင်ပါဘူး။ ဟွန်းတီးပြီး ဇွတ်ကို မောင်းနေကြတာပါ။
ဒါတွေကို သက်ဆိုင်ရာက ထိန်းချုပ်ပေးဖို့ လိုအပ်နေပြီ။ အဲဒါကလည်း အားလုံးရဲ့ ဆန္ဒပါ။
တောင်ကြီးက ဘယ်သူကိုပဲမေးမေး ဒီအသံ ထွက်မှာပဲ''ဟု တောင်ကြီးမြို့နေ ကိုမင်းသူက ပြောကြားခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ
ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဦးသန်းကျော်ထံသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေးရှိနေသည်ဟု
ဆိုကာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။
.
ပြီးခဲ့သည့် မေလအတွင်းက တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ အိမ်တော်ကွေ့အနီးတွင်
အရှိန်ပြင်းစွာ မောင်းနှင် လာသော အမှတ်(၆)ယာဉ်လိုင်းမှ
မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
.
လက်ရှိ တောင်ကြီးမြို့ပေါ်တွင် အမှတ် (၁)၊ အမှတ် (၃)၊ အမှတ် (၅)၊
အမှတ် (၆)နှင့် အမှတ် (၉) ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိပြီး အမှတ် (၆) နှင့် အမှတ်
(၉) ယာဉ်လိုင်းတို့မှာ အရှေ့/အနောက်မြို့ပတ်လမ်းများတွင် ပြေးဆွဲလျက် ရှိနေကြောင်း
သိရသည်။
.
.
.
#KBZTai #Shan