သတိ မိတ်ဆက်ပေးခြင်း မပြုလုပ်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သတိ မိတ်ဆက်ပေးခြင်း မပြုလုပ်ရ



မြေခဲတောင် မောင်မောင်ဝင်း
.
ကျွန်တော်တို့ ဇနီးမောင်နှံသည် ယခင်နိုင်ငံ ဝန်ထမ်းဘဝက ပြင်ပက မိတ်ဆွေသူငယ်ချင်း များနှင့် ဌာနတွင်းက ဘဝတူ ဝန်ထမ်းတို့၏ အလှူပွဲ၊ မင်္ဂလာပွဲ၊ လူမှုရေး ကိစ္စရပ်များနှင့် အရေးကိစ္စရပ်များ ရှိလာပြီဆိုပါက သာမန် အားဖြင့် နှစ်ဦးစလုံး အတူတူသွားရသည့်ပွဲဟူ ၍ သိပ်မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဌာန တစ်ခုတည်း ဖြစ်ပေမည့် လုပ်ငန်းဌာနစိတ်ချင်း မတူကြသောကြောင့်ပင်။ 
.
.
ထိုစဉ်က ဝန်ထမ်းပို့၊ ကြို ယာဉ်ငယ်တွေ ပေါများခဲ့သော ကျွန်တော်တို့ဌာနသည် ဖော်ပြ ခဲ့ပြီးဖြစ်သော ပွဲကိစ္စရပ်များ ရှိလာပါက သယ် ယူပို့ဆောင်ရေးဝန်ထမ်းများနှင့် ယာဉ်ပြင်ဆင် ရေးဝန်ထမ်းများအတွက် ယာဉ်ကတစ်စီးနှင့် စီ မံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနစိတ်မှ ရုံးဝန် ထမ်းများအတွက်က ယာဉ်တစ်စီးစသည်ဖြင့် စီ စဉ်ပေးတတ်လေရာ ကျွန်တော်နှင့်ဇနီးတို့မှာ များသောအားဖြင့် တစ်ယောက်တစ်စီးစီသာ စီးဖြစ်ခဲ့ကြပြီး ထိုင်ကြ၊ နေရာယူကြတော့ လည်း သူ့အုပ်စု၊ ကိုယ့်အုပ်စုဖြင့် တစ်ယောက်တစ်နေ ရာစီသာ ဖြစ်ကြပါ၏။
.
အမျိုးသမီးဦးရေများသော ရုံးဝန်ထမ်းတို့ အတွက် ပို့၊ ကြိုယာဉ်သည် အချင်းချင်းပူးပူး ကပ်ကပ်ထိုင်၍ လိုက်ပါစီးနင်း ရသည်မှာ အိ နြေ္ဒရှိရှိ၊ သိက္ခာရှိရှိဖြစ်နေတတ်သော်လည်း ကျွန်တော်တို့ အမျိုးသားများချည်း စီးကြရသော ပို့၊ ကြိုယာဉ်မှာမူ စကြ၊ နောက်ကြ၊ ရယ်စရာ တွေပြောကြ၊ အသုဘပို့သွားကြရသည့်တိုင်-
.
''ခင်ဗျားလူကြီးက ဘာတွေမှာသွားသေးလဲ၊ သွေးသောက်ကြေး များများထည့်နော်လို့များ မှာခဲ့သေးလား''
.
''မင်း ခု စီးလာတဲ့ ဖိနပ်က မြအောင် ပျောက်သွားတဲ့ ဖိနပ်မဟုတ်လား။ ပြန်ပေးလိုက် လေကွာ'' စသည်ဖြင့် ပြောဆိုတတ်ကြပြီး ကလေးငယ်များကဲ့သို့ နေရာကိုပင် တိုးဝှေ့လုထိုင် တတ်ကြသည်။
.
စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူဆောင်ရွက်နေရသည့် ကျွန်တော့်ကိုလည်း ''စာတိုက်မှူးကြီး''ဟု ပြောင်ချော်ချော် ခေါ်ပြီး နောက် ဆက်တွဲ မည်သည့်စကားဖြင့် ဆက်လိုက်ပါ သနည်း ဆိုပါမူ''ငှားထားတဲ့ စာအုပ်မအပ်သေး လို့ လိုက်တောင်းမလို့လား''ဟူ၍ စတတ်ပါလေ၏။
.
စတစ်ကော်လံနှင့်တိုက်ပုံကို သားသားနား နား ဝတ်ဆင်လာသည်ကို မတွေ့လိုက်နှင့်''ဝါး ကြောလား၊ တိုက်ပုံမပေစေနဲ့နော်''၊ ''မင်္ဂလာဆောင်ကအပြန်၊ ချိုချဉ်တွေထည့်လာခဲ့နော် စာတိုက်မှူးကြီး''စသည်ဖြင့် အားမနာစတမ်း စိတ်မဆိုးကြေး ပြောဆိုကာ စကြနောက်ကြ သည်မှာ ဌာနပေါင်းစုံတွေထဲမှာ ကျွန်တော်တို့ ဌာနတစ်ခုပဲ ရှိမည်ဟု ထင်ရပါလေ၏။
.
မင်္ဂလာဆောင်၌ စားပွဲမှာ အကျအနထိုင် တော့မည်အလုပ် ထိုင်ခုံကို မသိမသာလေးရွှေ့ ထားပြီး ''ဟိုး ဆရာ ထိုင်ခုံက ဒီမှာလေ၊ ဘယ့်နှယ် မုန့်တွေဆီပဲ မျက်စေ့က ရောက်နေ ရတာလဲ''ဆိုတာတွေလုပ်တတ်ကြသည်လေ။
.
သည်နေရာမှာတော့ ဇနီးသည်တို့ ရုံးအဖွဲ့ အမျိုးသမီးဝန်ထမ်းတွေက ကျွန်တော်တို့ အ မျိုးသားဝန်ထမ်းများထက် ပို၍အဆင်ပြေမှုရှိ နေပါလေ၏။ လှလှပပကြွကြွရွရွ ပွဲတက်လာကြ သော ရုံးဝန်ထမ်း အမျိုးသမီးတို့သည် ထိုင်ကြ တော့လည်း သူတို့ချည်း တစ်ဝိုင်း သို့မဟုတ် နှစ်ဝိုင်းအတူတူထိုင်ကြပြီး စားကြသောက်ကြ ဓာတ်ပုံအရိုက်ခံကြ၊ ဗီဒီယိုအရိုက်ခံကြဖြင့် စခြင်း၊ နောက်ခြင်း သိပ်မရှိလှဘဲ ပွဲတက်ရသည် မှာ အဆင်ပြေသည်က များတတ်ပါလေ၏။
.
သို့ဖြင့် နောက်ပိုင်းကာလ အလှူပွဲ၊ မင်္ဂ လာပွဲများရှိလာပါက ကျွန်တော်သိပ်မတက်ဖြစ် တော့ပေ။ သွားရ၊ လာရ၊ ပွဲတက်ရ အဆင်ပြေသော ဇနီးသည်ကိုပဲ ကျွန်တော်က သွားတက် စေခဲ့သည်။
.
နှစ်ယောက်စလုံး မဖြစ်မနေသွားမှ ဖြစ် မည့်အလှူပွဲ မျက်နှာ နာရမည့် မင်္ဂလာပွဲ စသည် တို့မှသာ ကျွန်တော်တို့ ဇနီးမောင်နှံကရွှေလက် အတူတွဲကာ တက်ဖြစ်ခဲ့ရပါ၏။ သည်တွင် ခေါင်းစဉ်ပါ သတိမိတ်ဆက်ပေးခြင်း မပြုလုပ် ရ ကိစ္စပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ရပါလေတော့သည်။
.
ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး မဖြစ်မနေ တက်ရောက်ချီးမြှင့်ပေးရမည့် မင်္ဂလာဧည့်ခံပွဲကား ပြောမနာ၊ ဆိုမနာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်တွေ ဖြစ်ကြသည့် ကျွန် တော့်သူငယ်ချင်း၏ သား မင်္ဂလာဧည့်ခံပွဲပင် ဖြစ်ပါသတည်း။
.
ကျွန်တော့်သူငယ်ချင်းသည် ကျွန်တော့် စာအုပ်စင်က စာအုပ်များကိုဖြစ်စေ၊ စာကြည့် တိုက်က စာအုပ်များကိုဖြစ်စေ ဆွဲယူကြည့် တတ်ပေမည့် စာကိုဟုတ်တိပတ်တိ ဖတ်ရှုသူ တော့မဟုတ်ပေ။
.
သတင်းစာကို အစမှ အဆုံးထိ လှန်လှော ပြီး ကြည့်၊ ဂျာနယ်တချို့ကိုလည်း ထို့အတူ လျှောက်လှန်။
.
ပြီးတော့ သူ့အကျင့်က ''သူငယ်ချင်း မင်း ရေးတဲ့စာ၊ မပါသေးဘူးလား၊ မင်းကလောင်အမည်ကလည်း မြေခဲတောင်ရယ်လို့ကွာ၊ ငါတော့ ရေခဲတောင်လို့ပဲ ကြားဖူးပါတယ်။ ကဲ သွားဦး မယ်ကွာ။ ငါ ကားတစ်စီးကိုင်ပေး စရာရှိသေး တယ်။''
.
စသည်ဖြင့် ပြောဆိုကာ ထွက်သွားတတ်သူ ဖြစ်လေသည်။
.
မည်သို့ပင် ဖြစ်စေ၊ ယခု သူ့သား မင်္ဂလာ ဧည့်ခံပွဲကိုတော့ ကျွန်တော်တို့ ဇနီးမောင်နှံ နှစ် ယောက်စလုံးကို စောစောလာပြီး နောက်ဆုံးမှ ပြန်ဖို့ကို သူတို့ဇနီးမောင်နှံက ၃၊ ၄ ရက်ခန့် ကတည်းက ကြိုတင်ပြောဆိုထားပြီး ဖြစ်ပါလေ ၏။
.
''မင်းက စာရေးဆရာဆိုတော့ မင်းကိုတ ခြားက ငါ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မိတ် ဆက်ပေးရမယ်ကွ။ သိလား အဟဲ ဟဲ ငါလည်း စာရေးဆရာသူငယ်ချင်းဆိုတော့ ဂုဏ်တက်ရ တာပေါ့ကွာ ဟား ဟား ဟား''
.
''ဟာ ဟေ့ကောင် အဲသလို မလုပ်နဲ့နော်''
.
''ဟ စာရေးဆရာမို့ စာရေးဆရာဆိုပြီး မိတ်ဆက်ပေးတာပဲ ဘာဖြစ်လို့တုန်း။ ဆောရီး ပဲ ရေခဲတောင်ရေ'' ပြောသည့်အတိုင်း မိတ် ဆက်ပေးမှာစိုးသည့်အတွက် ကျွန်တော်တို့ဇနီး မောင်နှံသည် အခမ်းအနားပြီးဆုံးချိန်နီးမှ မင်္ဂ လာဧည့်ခံပွဲကို သွားလိုက်ရပါသည်။
.
သို့တိုင် လက်ဆောင်ပြန်သော သော့ချိတ် ယူပြီး ခန်းမထဲသို့ဝင်လိုက်သည်နှင့် ကျွန်တော့် သူငယ်ချင်း သတို့သား ဖခင်ကြီးသည် တိုက်ပုံ ကြီးတကားကားဖြင့် အပြေးတစ်ပိုင်း ရောက်လို့ လာပြီး အားရပါးရ ကြိုဆိုနှုတ်ဆက်ပြီး သ ကာလ ''လာ သူငယ်ချင်း စောစောလာခဲ့ပါ ဆိုမှ နောက်ကျလိုက်တာကွာ။ ငါ့မိတ်ဆွေတွေ က ခင်ဗျား သူငယ်ချင်း စာရေးဆရာ မလာသေးဘူးလားဆိုပြီး မင်းကိုမေးနေကြတာ။ လာ လာ သူငယ်ချင်း မင်းတို့နှစ်ယောက် ဒီမှာထိုင် ကြ၊ အေးအေးဆေးဆေးထိုင်ပြီး စိတ်ကြိုက် စားကြ၊ သောက်ကြနော်''
.
''ဟော မန်နေဂျာကြီး လာဗျာ။ ဟေ့ သား တို့ရေ မင်းတို့ ဆရာဒီမှာလာပြီဟေ့။ နေရာချ ထားပေးပါဦးဟ။ သြော် မန်နေဂျာကြီး ဒါ ကျွန်တော့်သူငယ်ချင်း စာရေးဆရာလေး မင်း စာရေးဆရာ နာမည်က ဘာတဲ့''
.
''ဟုတ်ကဲ့ ကျွန်တော် မြေခဲတောင်မောင်မောင်ဝင်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ်''
.
ကျွန်တော့်ကလောင်အမည်ကိုပင် မေ့တေ့ တေ့ဖြစ်ကာ တိတိကျကျ မပြောဆိုတတ်သော သူငယ်ချင်းကို ရယ်ကျဲကျဲဖြင့် ပြုံးပြရင်းက ကျွန်တော်က သူ့သား၏ မန်နေဂျာဆိုသူကို ကိုယ့်ဘာသာကိုယ်ပင် မိတ်ဆက်လိုက်ရ ပါလေ၏။
.
သည်တော့ ထိုမန်နေဂျာက ''သြော် ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန် တော် ခင်ဗျားစာအုပ်တွေ ဖတ်ဖူးနေ ပါတယ်။ လူကိုတော့ ခုမှတွေ့ရတော့တာပဲ''ဟု ပြန်လည် ပြောဆိုနေလေရာ ကျွန်တော့်ဘေးက ဇနီးသည် မှာ ပြုံးရမလို၊ ဟားတိုက်ရယ်မောရမလို ဖြစ် ၍နေပါလေ၏။
.
သည်တော့ ကျွန်တော့်သူငယ်ချင်းက မည် သို့ ဝင်ပြောလိုက်သနည်း ဆိုပါမူ
.
''ဟုတ်မယ် မန်နေဂျာကြီးရ၊ ကျွန်တော့် သူငယ်ချင်းက စာပေဆုတွေလည်း ရထားတယ် လေ။ ဘာတဲ့ အမျိုးသားစာပေဆုဆိုလားလို့ပါ။ ဟုတ်တယ်နော် သူငယ်ချင်း''
.
သွားပြီး သူငယ်ချင်း၏ ယခုစကားတစ်ခွန်း ကတော့ အတော်ကို လွန်သွားပြီဆိုသည်ကို ကျွန်တော်ရှင်းပြဖို့ လိုအံ့မထင်ပါ။
.
''စာပေဆုတွေလည်း ရထားတယ်လေ'' ဆိုတာကို ကျွန်တော် မငြင်းလိုပါ။သို့သော် နောက်ဆက်တွဲ ''အမျိုးသားစာပေဆု ဆိုလား လို့ပါ''ဆိုတာကြီးကတော့ ဒီကောင်နှင့် မင်္ဂလာ ဧည့်ခံပွဲအပြီးမှာ အေးအေးဆေးဆေး ရှင်းပြမှ သင့်ပေလိမ့်မည်။ ဆက်ပြီး အဲသလိုမျိုးတွေဖြင့် မိတ်ဆက်ပေးနေမှဖြင့် စာပေသမားအချင်းချင်းဆိုလျှင် ကျွန်တော်အဖို့ ရှက်ဖွယ်လိလိဖြစ်နေမှာ မလွဲဧကန်ပင် မဟုတ်ပါလား။
.
အမှန်တကယ် ကျွန်တော်ရဖူးခဲ့သည့် စာပေဆုနာမည်က ''အမျိုးသားရေးဆောင်ပုဒ်၊ စာပေနှင့်ဓာတ်ပုံပြိုင်ပွဲ''သာ ဖြစ်သည်။ စာပေကဏ္ဍ၏ ဝတ္ထုတိုတစ်ပုဒ်ကို သူငယ်ချင်းက အမျိုးသားစာပေဆုတဲ့ သွားပြီ။
.
မဂ္ဂဇင်းတချို့၌သာ ဝတ္ထုနှင့် ဆောင်းပါးလေးတွေ ၄-၅ လမှ တစ်ခါ တစ်နှစ်မှ တစ်ပုဒ် စသည်ဖြင့် ပုံနှိပ်ဖော်ပြခြင်း ခံနေရသည့် ကျွန်တော့် ကလောင်အမည်ကို မန်နေဂျာဆိုသည့် သူ့သား၏ အရာရှိပုဂ္ဂိုလ်ကလည်း မည်သို့သော လုံးချင်းစာရေးဆရာ၏ ကလောင်အမည်နှင့်များ အမှတ်မှားပြီး ပြောလိုက်ပါလိမ့်။ သူ့စကား၊ သူ့အမှားက သာမန် ပေါ့ပြက်ပြက် ပြီးပြီးရော ဖြစ်နိုင်ကောင်းပေမည့် တကယ်တမ်း မခံချိမခံသာ ခံစားရသည်ကတော့ ကျွန်တော်သာလျှင် ဖြစ်ပါလေ၏။
.
စာဖတ်လေ့ ဖတ်ထ မရှိကြသော အရာရှိ၊ လူကြီးမင်းတို့၏ ထုံးစံကို မထိပါးစေလိုသော သဘောဖြင့် ''ခေတ်မီသော အရာရှိ လူကြီး မင်းတိုင်း စာဖတ်ကြသည်''ဟူသည့် သဘောဖြင့် စတိုင်ပါပါ ဟန် ပါပါဖြင့် ပြောလိုက် ခြင်းပေလောဆိုသည်ကိုတော့ သူမှတစ်ပါး မည်သူက အတတ်သိနိုင်ပါမည် နည်း။ ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats