နောင်ချိုတွင် တရားမဝင် သစ်သယ်ဆောင်လာသော အိမ်စီးယာဉ်ငယ် ၄ စီး ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုတွင် တရားမဝင် သစ်သယ်ဆောင်လာသော အိမ်စီးယာဉ်ငယ် ၄ စီး ဖမ်းဆီးရမိ

နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့တွင် တရားမဝင်သစ်သယ်ဆောင်လာသော အိမ်စီးယာဉ်ငယ် ၄ စီးအား နိုဝင်ဘာ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို့၊ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များထံမှ သိရှိရသည်။  
.
 
.
နောင်ချိုမြို့၊ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များသည် မိုင်တိုင်အမှတ်(၈၁/၀)တွင် တရားမဝင် ပစ္စည်းများ သယ်ဆောင်လာမှုကို ပိတ်ဆို့ ရှာဖွေနေစဉ် မန္တလေးဘက်မှမောင်းလာသော ယာဉ်များအား စစ်ဆေးရာမှ တရားမဝင်သစ်များ တင်ဆောင်လာသော ယာဉ်ငယ် ၄ စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့တွေနဲ့ တရားမဝင်သစ်တွေကို ပိတ်ဆို့ရှာဖွေဖမ်းဆီးနေတဲ့အချိန်မှာ မန္တလေးဘက်ကနေလာတဲ့ ကားငယ်တွေထဲကနေ သယ်လာတဲ့သစ်တွေကို ဖမ်းမိတာပါ။ ပိုင်ရှင်တစ်ဦးတည်းလို့ သိရတယ်။’’ဟု နောင်ချို စရဖတပ်ဖွဲ့မှ တပ်ကြပ် ဟိဏ်းလင်းဇော်က ပြောသည်။
.
တရားမဝင်သစ်များအား ယာဉ်မောင်း မင်းမင်းဦး မောင်းနှင်သည့် Toyota Celsior၊ ယာဉ်မောင်း နေမျိုးဆေး မောင်းနှင်သည့် Toyota Crown၊ ယာဉ်မောင်း အောင်သူရမောင်းနှင်သည့် Toyota Caldina၊ ယာဉ်မောင်း လှဝင်းနိုင် Toyota Crown ယာဉ်တို့ဖြင့် သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
.
တရုတ်ဘက်ကို ကားကြီး၊ ကားငယ်တွေနဲ့သယ်နေတာလို့သိရတယ်။ တခြားပစ္စည်းတွေကိုလည်း သယ်နေတာ တွေ့ရတယ်။ ဒါကို စစ်ဆေးရေးဂိတ်ကိုကျော်လာပြီး ဒီမြို့နယ်ထဲမှာ လာမိတာတော့ စဉ်းစားစရာဖြစ်နေလို့ပါ။ စစ်ဆေးရေးဂိတ်တွေကို ပြန်ပြီးစစ်ဆေးအရေးယူသင့်တယ်လို့ သုံးသပ်မိတာလေးပြောတာပါ။’’ဟု  နောင်ချို မြို့နေ ဦးတင်ဆွေက ပြောသည်။
.
အဆိုပါ ယာဉ် ၄ စီးပေါ်မှ တရားမဝင်တင်ဆောင်လာသော ပိတောက်ဓားရွှေ ၇၁ တုံးအား ယာဉ်မောင်း ၄ ဦးနှင့် အတူ ဖမ်းဆီးရမိကာ ယာဉ်မောင်း ၄ ဦးအား နောင်ချိုမြို့မ ရဲစခန်းက (ပ) ၁၉၂၊ (ပ)၁၉၃၊ (ပ)၁၉၄၊ (ပ)၁၉၅၊ သစ်တောဥပဒေပုဒ်မ ၄၂  ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats