တောင်ကြီးမြို့မဈေးအတွင်း လက်လုပ်မိုင်း တွေ့ရှိခဲ့သော်လည်း တန်ဆောင်တိုင်ပွဲတော် ပုံမှန်အတိုင်း စည်ကားလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေးအတွင်း လက်လုပ်မိုင်း တွေ့ရှိခဲ့သော်လည်း တန်ဆောင်တိုင်ပွဲတော် ပုံမှန်အတိုင်း စည်ကားလျက်ရှိ


ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်မှ စတင်၍ ကျင်းပပြုလုပ်လျက် ရှိရာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက မြို့မဈေးအရှေ့တွင် လက်လုပ်မိုင်း တွေ့ရှိမှု ဖြစ်ပွားခဲ့သော်လည်း ပွဲတော်အတွင်း ပုံမှန်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
 
.
တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မဈေးအရှေ့၊ မီးပွိုင့်အနီးတွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်က လက်ဆွဲသေတ္တာအတွင်း ထည့်ထားသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကာ ရှင်းလင်း ဖျက်သိမ်းနိုင်ခဲ့ပြီး တောင်ကြီးမြို့ပေါ်တွင် လုံခြုံရေး တိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါမိုင်း တွေ့ရှိရာနေရာသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ခင်အောင်၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်နှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးခဲ့ပြီး BE တပ်ဖွဲ့မှ ရှင်းလင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မိုင်းတွေ့ရှိမှုနှင့်ပတ်သက်၍ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရာ မီးပုံးပျံကွင်းအတွင်း၌လည်း စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး အဝေရာမီးပုံးပျံကွင်းအတွင်း မသင်္ကာဖွယ်ရာ တွေ့ရှိမှုမရှိကြောင်းနှင့် တန်ဆောင်တိုင်ပွဲတော်လာ ဧည့်ပရိသတ်များအနေဖြင့် ဘေးကင်းလုံခြုံစွာ လည်ပတ်လေ့လာနိုင်ရေးအတွက် လုံခြုံရေးများ တိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများမှလည်း တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats