ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ယခုအခါ ပွင်းလင်းရာသီ
ခရီးသွားကာလ ရောက်လာပြီဖြစ်သဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ၊ ပင်းတယနှင့် ကလောမြို့နယ်များတွင်
လမ်းဘေးရှိ စိုက်ခင်းများအတွင်းသို့ ခရီးသွား ဧည့်သည်များမှ ဓာတ်ပုံ ဝင်ရောက် ရိုက်ကူးကြသဖြင့်
စိုက်ခင်းပျက်စီးမှုများ ဖြစ်ပွားနေကြောင်း စိုက်ခင်းပိုင်ရှင်များထံမှ သိရသည်။
.
.
''ဓါတ်ပုံရိုက်တာကတော့
သူတို့အတွက်လှချင်လို့ ရိုက်တာ ဟုတ်ပါတယ်။ ရှုခင်းလှလို့ ရိုက်တာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့
အပြင်ကနေပဲ ရိုက်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်းနှမ်းပွင့်တွေက ပျက်သွားပြီ ဆိုရင်
တောင်သူတွေအတွက် နစ်နာတယ်။ နှစ်ဦးနှစ်ဘက်လုံးအတွက် ကြည့်ပေးရမှာပေါ့။ သူတို့က လေ့လာရေးခရီးလာတာပဲဆိုပြီး
ခဏတဖြုတ်ဝင်ရိုက်သွားတာက နည်းနည်းဆိုပေမယ့် အဖွဲ့ပေါင်းများလာတဲ့ အခါ တစ်ဧကစာလည်း ပျက်သွားနိုင်တာပဲလေ။
ပိုဆိုးတာ ကျောင်းသားအဖွဲ့တွေ တချို့က သောက်စား ထားပြီး ဓါတ်ပုံဝင်ရိုက်တယ်။ တစ်ယောက်နဲ့
တစ်ယောက် စိုက်ခင်းထဲမှာစနောက်ပြေးလွှားတယ်။ သူတို့ ဆရာ/မတွေလည်း ပါတယ်။ ဒါပေမဲ့ မထိန်းသိမ်းပေးတဲ့အပြင်
သူတို့ပါဝင်ရိုက်နေကြတော့ ဘယ်လိုလုပ်ကြမလဲ''ဟုပင်းတယ မြို့နယ်အတွင်းမှ ပန်းနှမ်းစိုက်ခင်းပိုင်ရှင်
တောင်သူဦးငွေသိန်းက ပြောသည်။
ရွာငံ၊ ပင်းတယ၊
ကလောဒေသများတွင် ခရီးသွားများက ပန်းနှမ်း၊ မုန်ညှင်းစသည့် လမ်းဘေးစိုက်ခင်းများ အတွင်း
ဓာတ်ပုံဝင်ရိုက်ခြင်း၊စိုက်ခင်းများအတွင်း ရေသန့်ဘူးခွံနှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့
စွန့်ပစ်ခဲ့မှုများကြောင့် အပင်များပျက်စီးခြင်း၊ သီးနှံအထွက်လျော့ခြင်းများကို ၂ဝ၁၅
ခုနှစ်ကတည်းက ကြုံတွေ့နေရကြောင်း သိရသည်။
.
ခရီးသွားများအနေဖြင့်
လမ်းဘေးစိုက်ခင်းများတွင် ဓါတ်ပုံရိုက်ရာတွင် စိုက်ခင်းများမပျက်စီးစေရေး သတိထားရန်
စိုက်ခင်းပိုင်ရှင်များကပြောဆိုနေကြရကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ရွာငံ၊ ပင်းတယနှင့် ကလောမြို့နယ် များသည် ဒေသတွင်း သဘာဝ ရှုခင်းများ သာယာလှပမှုကြောင့်
ပြည်တွင်း၊ ပြည်ပခရီးသွားများ သွားလာလည်ပတ်မှုများသည့် ဒေသများဖြစ်ပြီး ဒေသတွင်းရာသီအလိုက်
စိုက်ခင်းများတွင် ခရီးသွားရင်းဓာတ်ပုံရိုက်သူများ၊ အလှဓာတ်ပုံဝင်ရိုက်သူများကြောင့်
ဒေသခံများ၏ စိုက်ခင်းများပျက်စီးမှုနှင့် ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan