ရှမ်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကာလတို စီမံကိန်း ရေးဆွဲနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကာလတို စီမံကိန်း ရေးဆွဲနေ



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အခက်အခဲများ ဖြေရှင်းရန်၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန်၊ သီးနှံများဈေးကွက် မပျက်ရန် နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကာလတိုစီမံကိန်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။ 
.
.
ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အစိုးရနှင့်ပုဂ္ဂလိက ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စီးမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
.
"လာမယ့် နှစ်တိုကာလအတွင်းမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုစီမံကိန်းတွေ ရေးဆွဲ မလဲဆိုတာ ဆွေးနွေးပွဲ လုပ်တာ ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေ တစ်ဦးချင်း ဝင်ငွေ တိုးတက်ဖို့နဲ့ ထုတ်လုပ်မှု စွမ်းအားတွေ ပိုမိုတိုးတက်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေ အများစု လိုအပ်နေတာက ဈေးကွက်ရရှိရေး၊ နည်းပညာရရှိရေး၊ ရင်းနှီးမှု ငွေရေးကြေးရေး ရရှိရေးတွေ ဖြစ်တယ်။ တောင်သူ လယ်သမားတွေ အနေနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နည်းပညာတွေ သုံးစွဲတတ်ဖို့နဲ့ မျိုးကောင်းမျိုးသန့်တွေ သုံးစွဲ တတ်ရန် လိုအပ်တယ်။ ဈေးကွက်တည်ငြိမ်ရေးမှာ အရေးကြီးဆုံးက ဈေးကွက်နဲ့ဆိုင်တဲ့ သတင်းအချက်အလက် တွေကို တောင်သူတွေက သိရှိထားဖို့ လိုမယ်။ တောင်သူတွေ မျှမျှတတနဲ့ ရောင်းဝယ်နိုင်တဲ့ စနစ်ဖြစ်ဖို့ လိုအပ် တယ်။ စားသုံးသူလည်း အကျိုးရှိ ထုတ်လုပ်သူလည်း အကျိုးရှိတဲ့ ရောင်းဝယ်ရေး စနစ်တစ်ခုဖြစ်ပေါ်လာဖို့ လိုတယ်။ ဒီစီမံကိန်းက ရှမ်းပြည်နယ်မှာရှိတဲ့ တောင်သူလယ်သမားတွေကို အကျိုးပြုနိုင်မယ်လို့ ထင်ပါတယ်" ဟု CESD ဥက္ကဌဖြစ်သူ ARDC အမှုဆောင်အရာရှိချုပ် ဦးတင်ထွဋ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စီမံကိန်းအား ရေရှည်အကျိုးကို မျော်မှန်းချက်ထား၍ လယ်ယာစီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး ကာလတိုစီမံကိန်းအဖြစ် ရေးဆွဲပြီး စီမံကိန်းတွင် ၂၀၁၈-၂၀၁၉ မှ ၂၀၂၀-၂၀၂၁ ကာလအတွင်း စတင်ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ရည်ရွယ်ချက်များ၊ မဟာဗျူဟာများ၊ အကြံပြုလုပ်ငန်းစဉ်များနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကိုလည်း ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍ လယ်ယာစီးပွားလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ နှစ်တိုနှင့် နှစ်လတ် စီမံကိန်း ရေးဆွဲဆောင်ရွက်ရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဦးဆောင်လျက် သြဂုတ်လ ၂၀ ရက်က စတင်ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
"ရှမ်းပြည်နယ်မှာ စိုက်ပျိုး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းရေးစွဲရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချက် ပေးခဲ့ပါတယ်။ လက်ရှိလုပ်တဲ့ ဆွေးနွေးပွဲ အနေအထားကတော့ ဒီဒေသမှာ ရှိနေတဲ့ တောင်သူတွေ အစုအဖွဲ့တွေက တက်ကြွစွာ ပါဝင်လာတာ တွေ့ရတယ်။ ဖြစ်ပျက်နေတဲ့ဟာတွေကို အကောင်းဆုံး သုတေသီတွေနဲ့ ပညာရှင်တွေ စုစည်းပြီး အစိုးရကို တင်ပြနိုင်မယ်လို့ ယုံကြည်တယ်။ တောင်သူတွေရဲ့ အခက်အခဲတွေကို အသေးစိတ် လေ့လာနေတယ်။ ဈေးကွက် အခက်အခဲတွေရော ပါပါတယ်။ အဓိကကတော့ တောင်သူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းဖို့နဲ့ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ သီးနှံတွေအတွက် ဈေးကွက် မပျက်ဖို့ စတဲ့ ရည်ရွယ်ချက်တွေ ဖြစ်တယ်။ အထူးသဖြင့် ရှမ်းပြည်နယ်ကို အခြေခံပြီး မြန်မာတစ်ပြည်လုံးရဲ့ ကမ္ဘာ့မီးဖိုချောင်အဖြစ် ဖန်တီးဖော်ထုတ် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်" ဟု Chairman & CEO of THIHA Development Co.,Ltd မှ ဦးဇော်လင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်လယ်ယာစီးပွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကာလတိုစီမံကိန်း စာတမ်းကို ယခုနှစ် ဒီဇင်ဘာလတွင် အချောသတ်နိုင်ရန် လျာထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ် လယ်ယာစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကာလတိုစီမံကိန်း ရေးစွဲရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့အထွက် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးရှိ အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၅/၆ ရက် ၂ ရက်တာ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အသီးသီးမှ တောင်သူများနှင့် လယ်ယာစီးပွားရေး ပညာရှင်များ စုစုပေါင်း ၂၀၀ ဦးကျော် ဆွေးနွေး၍ ကာလတိုစီမံကိန်းအတွက် စာတမ်းပြုစုခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats