ဆိုးရွားစွာပျက်စီးနေသည့် မိုင်းဆတ်-တာချီလိတ်ကားလမ်းကို နိုဝင်ဘာလမကုန်မီ လွှဲပြောင်းလက်ခံရန်ရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆိုးရွားစွာပျက်စီးနေသည့် မိုင်းဆတ်-တာချီလိတ်ကားလမ်းကို နိုဝင်ဘာလမကုန်မီ လွှဲပြောင်းလက်ခံရန်ရှိဟု ဆို



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်တို့ကို ဆက်သွယ်ပေးထားသည့် ဆိုးရွားစွာ ပျက်စီးနေသော ကားလမ်းအားနိုဝင်ဘာလမကုန်မီ “ဝ”တပ်ဖွဲ့မှ ပြည်ထောင်စုအစိုးရသို့ လွှဲပြောင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက အဆိုပါလမ်း လွှဲပြောင်းလက်ခံ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
.
''မိုင်းဆတ်-တာချီလိတ် ကားလမ်းကို ၁ဝ ရက်အတွင်း လွှဲပြောင်းလက်ခံဖို့ နှစ်ဘက်သဘောတူမှု ရရှိပါတယ်။ လမ်းလွှဲပြောင်း လက်ခံပြီးတာနဲ့ ခရီးသွားပြည်သူတွေ သွားလာမှု အဆင်ပြေအောင်အမြန်ဆုံး ပြုပြင်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူက ယင်းအစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။
.
အဆိုပါ အစည်းအဝေးသို့ မိုင်းဆတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်၊ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UWSA ''ဝ'' အမှတ် (၁၇၁) စစ်ဒေသ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဆန်လော၊ ဦးလောင်မိန်းနှင့် မိုင်းဆတ် ဆက်ဆံရေးတာဝန်ခံဦးကျခမ်းနှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
.
မိုင်းဆတ်ခရိုင်လမ်းအထူးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဦးက အဆိုပါလမ်းကို စတင် ပြင်ဆင်သည့် ပထမနှစ်တွင်လမ်းချော မွေ့စေရန် ဦးစွာပြင်ဆင်သွားမည်ဖြစ်ပြီး ပြင်ဆင်ဆဲကာလတွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအနေဖြင့် တင်ဆောင်နိုင်သည့် ကုန်ပမဏအလေးချိန်ကို ပြင်ဆင်ဆဲလမ်းများ မပျက်စီးစေရန်အတွက် လျှော့၍တင်ဆောင်ရန် မေတ္တရပ်ခံထားပြီး ဒုတိယနှစ်မှစကာ လမ်းအဆင့်အတန်း မြင့်မားရေးအတွက် ပြင်ဆင်ဖောက်လုပ် ဆောင်ရွက်သွားမည်ဟု ကမ္ဘောဇတိုင်းကို ပြောကြားထားသည်။
.
''အရမ်းကောင်းတာပေါ့ဗျာ၊ အခုက ဖိုးဝှီးမဟုတ်ရင် တခြားကားတွေသွားမရဘူး။ ခရီးသည်ကိုဟိုဘက် ဒီဘက် ကဲ့နေရတာ၊ အချိန်ပိုကြာတာတွေ၊ လမ်းဘေးခြုံမရှင်းလို့ အကွေ့တွေမှာ အန္တရာယ်ဖြစ်မှာတွေ မစိုးရိမ်ရ တော့ဘူးပေါ့။ ခရီးသွားလူထုအတွက်တော့မင်္ဂလာသတင်းပါ။ သေချာဖို့ပဲလိုပါတယ်။ ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပြောသလိုဆို အခုမတန်တဆကောက်နေတဲ့ လမ်းကြေးတွေလည်း မပေးဆောင်ရတော့ဘူးပေါ့''ဟု မိုင်းတုံမှ လပြည့်ဝန်းဂိတ် တာဝန်ခံ ဦးမြသိန်းက ဆိုသည်။
.
အဆိုပါ မိုင်းဆတ်-မိုင်းတုံ လမ်းမှာ ၁၉၉၈ ခုနှစ်က UWSA''ဝ'' အဖွဲ့မှ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၆ဝ မိုင် ၄ ဖာလုံအနက် တစ်ဝက်ခန့်မှာ ဆိုးရွားစွာပျက်စီးနေပြီး ပြီးခဲ့သည့် မေလ ၆ ရက်က အစိုးရထံပြန်လည်အပ်နှံရန် ဆွေးနွေးခဲ့ပြီးနောက် နိုဝင်ဘာလမကုန်မီ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats