လွှတ်တော်ပြင်ပ အဂတိလိုက် စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေး မြို့နယ်အဆင့် အသင်းများကို ရှမ်းပြည်နယ်တွင်း၌ ဖွဲ့စည်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွှတ်တော်ပြင်ပ အဂတိလိုက် စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေး မြို့နယ်အဆင့် အသင်းများကို ရှမ်းပြည်နယ်တွင်း၌ ဖွဲ့စည်းမည်


မင်းဇော်မင်း
.
နိုင်ငံတော်မှဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် သက်ဆိုင်ခြင်းမရှိသည့် အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သော လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့၏ မြို့နယ်အဆင့်အသင်းများကို ရှမ်းပြည်နယ်၌ ယခုနှစ်အတွင်း ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအသင်း၏ ဗဟိုအဆင့်ဥက္ကဌ ဦးစိုးမြင့်ဦးက ပြောသည်။
.
'' ကျွန်တော်တို့နိုင်ငံမှာ အဂတိလိုက်စားမှုဟာ အမြစ်တွယ်ခဲ့တာ ကြာပါပြီ။ ယဉ်ကျေးမှု တစ်ခုလိုတောင် ဖြစ်နေပါပြီ။၊ ဒီယဉ်ကျေးမှုကို တော်လှန်ရေးလုပ်ရမှာပါ။ လုံးဝ ကွယ်ပျောက် မသွားနိုင်တောင်မှ လျော့ပါးသွားဖို့ လုပ်ဆောင်ရာမှ ပြည်သူတွေ စုပေါင်းအားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်''ဟု ဦးစိုးမြင့်ဦးက ပြောကြားခဲ့သည်။
.
အဆိုပါ အသင်းအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်ကမှ စတင်ဖွဲ့စည်းခဲ့သော်လည်း ရှေ့တွင် အစပျိုး လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ ယခုကာလအတွင်း ပြည်သူများ၏ စိတ်ပါဝင်စားစွာ ပါဝင်မှုကြောင့် ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးတိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်များတွင် ရုံးပေါင်း ၆၄ ရုံး ဖွင့်လှစ်နိုင်ခဲ့ကာ မကြာမီ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်များတွင် မြို့နယ်အသင်းများ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ညောင်ရွှေ၊ အောင်ပန်း၊ လွိုင်လင်မြို့များတွင် စုစည်းလျက်ရှိကြောင်း ၄င်းမှဆက်လက် ပြောကြားခဲ့သည်။
.

အသင်းဝင်များအနေဖြင့် ဝန်ထမ်းမဖြစ်ရ၊ လက်နက်ကိုင်အဖွဲ့ဝင် မဖြစ်ရ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ စိတ်ကျန်းမာရေးကောင်းမွန်သူများ ဖြစ်ရန် စည်းကမ်း သတ်မှတ်ထားပြီး ဝင်ကြေးအနေဖြင့် ၁ဝဝဝ ကျပ် သတ်မှတ်ကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ၂၇ ဦးဖြင့် လည်းကောင်း၊ အမှုဆောင်အဖွဲ့ကို ၃ဝ ဦးဖြင့် လည်းကောင်း ယာယီဖွဲ့စည်းထားရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ အသင်းအဖွဲ့ မှတ်ပုံတင် ရရှိရေး တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။
.
အသင်းမှ ရရှိသည့် တိုင်စာများကို မြို့နယ်အဆင့်မှ တတ်နိုင်သမျှ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ် စားလှယ်များဖြင့် လည်းကောင်း ပြေလည်စေရန် ညှိနှိုင်းတိုင်ပင်ဖြေရှင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြို့နယ်အဆင့်တွင် မရှင်းလင်းနိုင်ပါက ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဆင့်တွင် တတ်စွမ်းသမျှ တင်ပြညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်အဆင့်များ ဖွဲ့စည်းမှု လုံလောက်ပါက ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များ ထပ်မံတိုးမြှင့်ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်းကိုလည်း ဦးစိုးမြင့်ဦးမှ ဆက်လက် ပြောကြားခဲ့သည်။
.
အဆိုပါအသင်းသည် ပဉ္စမမဏ္ဍိုင် ဖြစ်သည့် CSO များအနေဖြင့်အချိန်တိုအတွင်း ပြည်သူများ၏ လိုအပ်ချက်၊ ပရဟိတ ဖွံ့ဖြိုးတိုးတက်ရေး၊ အရေးပေါ်လုပ်ငန်းစဉ်များ၊ အမျိုးမျိုးသော လူမှုရေး ကိစ္စရပ်များအား ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ လူထု၏ ရုပ်ပိုင်း/စိတ်ပိုင်း အသိပညာပိုင်း ဆိုင်ရာ အားနည်းချက်များကို အစွမ်းကုန်ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော အသင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၌ နိုဝင်ဘာ ၆ ရက်က ဖွဲ့စည်းခဲ့သည့် မြို့နယ်ရုံး အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့များကို  မြို့နယ်အဆင့် ၆၄ သင်း ဖွဲ့စည်းပြီး ဖြစ်ကာ အသင်းဝင် ၂ဝဝဝ ကျော် ရရှိပြီးဖြစ်ကြောင်းနှင့် အသင်းဝင်အင်အား ဆက်လက် တိုးပွားရန်ရှိကာ တိုင်ကြားစာပေါင်း ၅ဝဝ ကျော်ကို ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats