မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာတွင် နိုဝင်ဘာလ ၁၂ ရက်က
ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ်အတွက် ပထမဆုံး မူးယစ်ဆေးဖြတ်ကုသခြင်းနှင့်
ပြန်လည်ထူထောင်ရေး ကုသစခန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
.
“အရင်ကတော့
ရန်ကုန်စခန်းမှာ ရပ်ရွာအခြေပြုအနေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးဖွင့်လှစ်ခဲ့ပါတယ်။
အခု ကတော့ အဆောက်အဦတွေကို ခေတ္တငှားရမ်းပြီး ၂၀၁၈ ခုနှစ်အတွက် ဌာနရဲ့ပထမဆုံး စခန်းဖွင့်လှစ်တာဖြစ်ပါတယ်”ဟု
ယင်းဆေးဖြတ်စခန်း မန်နေဂျာ ဦးနိုင်စိုးမြင့်က ပြောသည်။
ယင်း မူးယစ်ဆေးဖြတ်ကုသခြင်းနှင့်
ပြန်လည်ထူထောင်ရေးကုသစခန်းကို နိုဝင်ဘာလ ၁၂ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်အထိ သင်တန်းသား ၃၀
ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
.
ယင်းသင်တန်းသားများမှာ
တာချီလိတ်သို့ ရန်ကုန်မြို့မှ လာရောက်အလုပ်လုပ်ပြီး ဆေးဖြတ်သူများအပါအ၀င် တာချီလိတ်၊
မိုင်းဆတ်၊ မိုင်းခတ်၊ ကျိုင်းတုံတို့မှ လာရောက်ကြခြင်းဖြစ်ကြောင်း၊ အသက်အငယ်ဆုံးမှာ
၁၈ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၅၆ နှစ် ဖြစ်ကြောင်း၊ အဖက်တမင်းဖြတ်သူများအများဆုံးဖြစ်ကာ
အိုက်စ်ဖြတ်သူမှာ ဒုတိယဖြစ်ပြီး၊ ဘိန်းဖြူဖြတ်သူ
၃ ဦးရှိကာ ဘိန်းမဲဖြတ်သူ မရှိဘဲ အရက်ဖြတ်သူ ၂ ဦးပါဝင်ကြောင်း၊ ဌာနအနေဖြင့်
လူတစ်ဦးအတွက် တစ်ရက်လျှင် ကျပ် ၁၀၀၀ နှုန်း ထောက်ပံ့ပေးပြီး စေတနာရှင်နှင့်ဒေသခံများအများပြည်သူများ၊
စေတနာရှင်များမှ လာရောက်ထောက်ပံ့ပေးမှုများ ရှိနေကြောင်း၊ ကျန်းမာရေးဌာနမှ ကုသမှုအပိုင်းကို
လုပ်ဆောင်လျက်ရှိသလို စခန်းမှဝန်ထမ်း ၅ ဦးမှလည်း အစစအရာရာ ကူညီပေးလျက်ရှိကြောင်း၊
လုံခြုံရေး အဖြစ် ဌာနရပ်ရွာပြည်သူ့စစ် ၄ ဦးမှ စေတနာဖြင့် ကူညီစောင့်ရှောက်လျက်ရှိကြောင်း
သိရသည်။
.
ဆေးဖြတ်သူများ
အနက်မှ ဆေးပြတ်သူရာခိုင်နှုန်းတိုးမြင့်လာလျက်ရှိနေပြီး စခန်းတွင် ဆိုင်ကယ်ပြင်၊ ၀ါယာရိန်း၊
သဘာဝမြေသြဇာထုတ်လုပ်ရေး၊ အုတ်ဘလောက်၊ စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာ များအား သင်ကြား
ပေးလျက်ရှိကြောင်း သိရသည်။
.
ယခုဟိုရမ်းစခန်းနေ
ရာမှာ ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်သော်လည်း ၂၀၀၃ မှစတင်ကာ ရပ်ရွာအခြေပြု ဆေးဖြတ် စခန်းများအနေဖြင့်
ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆေးဖြတ်စခန်းများအနေဖြင့် အကြမ်းဖြတ်ခြင်း၊ ဘာသာရေးဖြင့်ဖြတ်ခြင်း၊
ကျန်းမာရေးဆေးဝါး အကူဖြင့်ဖြတ် ခြင်းတို့ရှိရာ ယခုဟိုရမ်းစခန်းမှာ ကျန်းမာရေး ဆေးဝါးအကူဖြင့်ဖြတ်သည့်
ရပ်ရွာအခြေပြုစခန်းဖြစ်ကြောင်း သိရသည်။
.
“သင်တန်းစစချင်း
ဆီးစစ်တယ်။ ဘိန်းအုပ်စုနဲ့ အက်ဖက်တမင်းအုပ်စုခွဲတာပါ။ ပြီးတော့ထိန်းချုပ်ဆေးဝါးတွေကို
ခရိုင်ကခွင့်ပြုတဲ့အတိုင်း ထိုးဆေး၊ သောက်ဆေး အကောင်းဆုံးတွေနဲ့ ဆေးဖြတ်စဉ်ဒဏ်ခံနိုင်အောင်ကုသပေးပါတယ်”ဟု ကုသရေးတာဝန်ခံ
ဒေါက်တာ ဟန်လင်းစိုးက ပြောသည်။
.
ဆေးဖြတ်စဉ်၊
စိတ်ဓာတ်ကျခြင်း၊ အသက်ရှူကြပ်ခြင်း၊ အန်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြောင်ခြင်းများဖြစ်ပေါ်ခြင်းနှင့်
ယခင်က မည်သည့်ရောဂါအခံရှိသည်များကိုပါ စစ်ဆေးပေးပြီး
တစ်ပါတည်းကုသပေးကြောင်း၊ ရာသီဥတုအရဖြစ်ပေါ်သည့် ရာသီရောဂါများကိုလည်း ဖြစ်ပွားပါက ကုသပေးကြောင်း၊
တစ်ရက်ခြားတစ်ခါ ကြည့်ရှုကုသပေးနေသည်သာမက လိုအပ်ချိန်များအတွက် ကြမ်းတမ်းသူ၊ အန္တရာယ်ရှိသူများအား
လိုအပ်မည့်ဆေးဝါးများကို စခန်းတာဝန်ခံများထံ အပ်နှံ ထားပြီး ၂၄ နာရီစောင့်ရှောက်ကုသလျက်ရှိကြောင်း
သိရသည်။
.
စခန်းသွင်းရက်များအတွင်း
တစ်ကိုယ်ရေသန့်ရှင်ရေးအပါအ၀င် အစာအဟာရဖြည့်စွက်ကျွေးမွေးခြင်းများပါဝင်သည့် ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ခြင်း၊
တစ်ဦးချင်း၊ အုပ်စုလိုက်/မိသာစုဝင်များနှင့်နှစ်သိမ့်ဆွေးနွေးခြင်းနှင့် လေ့လာရေးခရီး
ထွက်ခြင်းများပါဝင်သည့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ ကွန်ပျူတာ၊ တွင်ခုံ၊
မော်တော်ယာဉ်စက်ပြင်သင်တန်း များပါဝင်သည့် အသက်မွေးဝမ်းကျောင်းပညာသင်ပေးခြင်းနှင့်
သင်တန်းဆင်းလက်မှတ်ပေးခြင်း၊ မိဘအုပ်ထိန်းသူထံ ပြန်လည် အပ်နှံခြင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်မှု
၁ နှစ်ခံယူခြင်း၊ အလုပ်အကိုင်ရှာဖွေပေးခြင်းတို့ပါဝင်သည့် နောက် ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းဟူ၍
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။
.
စခန်းသို့
မူးယစ်အထူးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊
လူမှုဝန်ထမ်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်၊ ပြန်ဆက်၊ လူ/ကုန်တား၊
လ၀က၊ သစ်တော၊ စိုက်ပျိုးရေး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေးအသင်းများမှ
လာရောက်ဟောပြော အသိပညာ ပေးမှုများပြုလုပ်လျက်ရှိပြီး၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း
တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်းတွင် ဖွင့်လှစ်ခဲ့သော သင်တန်းများစာရင်းအရ စခန်းအဟောင်းနှင့်
အသစ်တွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ စခန်းအခြေပြု ၂၅ကြိမ်၊ ၁၅၁ ဦး၊ ရပ်ရွာအခြေပြု ၁၄ကြိမ်၊ ၄၆၆ ဦး၊
စေတနာမူးယစ်ဆေးဝါးကြီးကြပ်ရေးမှူးသင်တန်း ၃ ကြိမ်၊ ၆၄ ဦး တို့ဖြစ်ကြကြောင်း လက်ရှိသင်တန်းတွင်
သင်တန်းသား ၃၀ ဦး တက်ရောက်နေကြောင်း သိရသည်။
.
.
.
#KBZTai
#Shan