ရှမ်းပြည်နယ်၏ ဒုတိယမြောက် အစည်ကားဆုံးနှင့် သက်တမ်းအကြာဆုံး ဖြစ်သည့် ဟိုပုံးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၂၆ တွင် စတင်ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်၏ ဒုတိယမြောက် အစည်ကားဆုံးနှင့် သက်တမ်းအကြာဆုံး ဖြစ်သည့် ဟိုပုံးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၂၆ တွင် စတင်ကျင်းပမည်



ရှမ်းပြည်နယ်၏ ဒုတိယမြောက် အစည်ကားဆုံးနှင့် သက်တမ်း အကြာဆုံးဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၆ ရက်မှ ၃ဝ ရက်အထိ ၅ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
'' ဟိုပုံးတန်ဆောင်တိုင် ပွဲတော်ကတော့ နိုဝင်ဘာလ ၂၆ ရက်ကနေ နိုဝင်ဘာလ ၃ဝ ရက်အထိ၊ တန် ဆောင်မုန်းလဆုတ် ၄ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မီးပဒေသာ လှည့်လည် ပူဇော်ပွဲ၊ ဘုံကထိန် လှည့်လည်ပူဇော်ပွဲ၊ အကပဒေသာတွေ မီးပုံးပျံ ပြိုင်ပွဲတွေ ခါတိုင်းနှစ်လိုပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဘုံကထိန်ကတော့ နိုဝင်ဘာ ၂၁ ရက်နေ့၊ တန်ဆောင်မုန်းလပြည့် အဖိတ်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကထိန်တရားနာကတော့ လပြည့်နေ့၊ နိုဝင်ဘာလ ၂၂ ရက် ဖြစ်ပါတယ်''ဟု ပွဲတော်ကျင်းပရေး ကော်မတီဝင် ဦးကျော်ရှိန်က ပြောကြားခဲ့သည်။
.
အဆိုပါ ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲကို ယခင်နှစ်များကဲ့သို့ ဟိုပုံးဈေး အောက်ဘက်ရှိ ကျွဲ၊ နွားဈေးကွင်းပြင်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် ညမီးကြီးအဖွဲ့ ၁၃ ဖွဲ့မှ ပါဝင်ယှဉ်ပြိုင် လွှတ်တင်သွားမည် ဖြစ်သည့်အပြင် ပြိုင်ပွဲဝင် အဖွဲ့များအား ထိုက်တန်သော ဆုကြေးများ ပေးအပ်နိုင်ရေးအတွက် စီစဉ်ထားကြောင်း သိရသည်။
.

ဟိုပုံးတန်ဆောင်တိုင်ပွဲတော်ကို တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပြုလုပ်ပြီးနောက် ၂ ရက်ခန့် ခြား၍ နှစ်စဉ် ကျင်းပနေခြင်း ဖြစ်ပြီး အချိန်ကာလအားဖြင့် နှစ်ပေါင်း ၅၀ ကျော်ခန့် ကြာမြင့်ပြီဖြစ်ကာ တောင်ကြီး တန်ဆောင်တိုင်ပွဲမှ ဈေးဆိုင်များက ဟိုပုံးတန်ဆောင်တိုင်ပွဲကို ဆက်လက် လာရောက်ရောင်းချခြင်းကြောင့် ပုံမှန်ထက် ပိုမို စည်ကားရခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
.

ဟိုပုံးမြို့သည် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာတွင် တည်ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ရုံးစိုက်ရာ မြို့ဖြစ်ကာ ပင်လယ်ရေ မျက်နှာပြင်အထက် ၃၅၄၁ ပေတွင် တည်ရှိသည်။

Journal Download

Photo of three cats