ကျိုင်းတုံနှင့် တာချီလိတ်မြို့များ၌ ကျွဲ၊ နွားများကို တရားဝင်တင်ပို့နိုင်ရေးအတွက် ပို့ကုန်လိုင်စင် ထုတ်ပေးရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံနှင့် တာချီလိတ်မြို့များ၌ ကျွဲ၊ နွားများကို တရားဝင်တင်ပို့နိုင်ရေးအတွက် ပို့ကုန်လိုင်စင် ထုတ်ပေးရန် စီစဉ်နေ


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မှ ပြည်ပသို့ ကျွဲ၊နွားများကိုတရားဝင်တင်ပို့ရာတွင် လွယ်ကူလျှင်မြန်လာစေရန်အတွက်  တာချီလိတ်နှင့် ကျိုင်းတုံမြို့များတွင် ပို့ကုန်လိုင်စင်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
.
 
.
“ထုတ်ပေးဖို့တော့ စီစဉ်နေပါတယ်။ ဘယ်ရက်မှာ ထုတ်ပေးမလဲဆိုတာတော့ အတိအကျ ကြေညာချက် မလာသေးပါဘူး။ ထုတ်ပေးဖို့ စီစဉ်ရတဲ့ ရည်ရွယ်ချက်က တရားမဝင်လမ်းကြောင်းတွေ လျော့ကျသွားပြီး၊ တရားဝင် ပို့ဆောင်နိုင်စေဖို့အတွက်ပါ။ နိုင်ငံတော်အတွက်လည်းအခွန်အခတွေတိုးလာမယ်။ ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေပိုပြီးတော့တိုးလာမယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
လက်ရှိတွင် ရှမ်းပြည်နယ်၌ ကျွဲ၊ နွားများကို ပြည်ပသို့ တရားဝင်တင်ပို့ရန် မူဆယ်တစ်မြို့တည်း၌သာ ပို့ကုန်လိုင်စင် ထုတ်ပေးထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေပြည်တော်၊ စစ်တွေနှင့် မောင်တောမြို့ များ၌ ထုတ်ပေးလျက်ရှိကာ  ပြည်ပသို့ ကျွဲ၊ နွားများကို တရားဝင်တင်ပို့ရာတွင် လွယ်ကူလျှင်မြန်လာစေရန်အတွက်  ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်၊ ကျိုင်းတုံမြို့များ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့၌ ပို့ကုန်လိုင်စင် ထုတ်ပေးရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ၏ ကျွဲ၊ နွား မွေးမြူမှုသည် အရှေ့တောင်အာရှတွင် အများဆုံးဖြစ်ပြီး ယခုနှစ်တွင် ကောက်ယူ ခဲ့သော စာရင်းများအရ နိုင်ငံတစ်ဝှမ်းလုံး၌ ကျွဲနွားအကောင်ရေ ၁၀ ဒသမ ၅ သန်းရှိကာ လယ်ယာစိုက်ပျိုးရေး အတွက် အသုံးပြုသော ကျွဲနွားအကောင်ရေသည် ၇ သိန်းခွဲခန့်ရှိသဖြင့် တစ်နှစ်လျှင်ကျွဲနွားအကောင်ရေ ၃ သိန်းခန့် ရောင်းချနိုင်သည်ဟုသိရသည်။
.
ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ မီနီဘတ်ဂျက်ကာလတွင်  ပြည်ပသို့ ကျွဲ၊ နွားအကောင်ရေ ၁၃၀၀၀၀ ကျော် တင်ပို့ရောင်းချခဲ့ပြီး ကျွဲအကောင်ရေ ၁၉၅၆၃ ကောင်နှင့် နွားအကောင်ရေ ၁၁၅၀၃၄ ကောင်ဖြစ်ကာ အမေရိကန် ဒေါ်လာသန်း ၁၇၀ ခန့်ရရှိခဲ့ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats