တောင်ကြီးမြို့မဈေးအရှေ့တွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိ၍ ရှင်းလင်း ဖျက်သိမ်းနိုင်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေးအရှေ့တွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိ၍ ရှင်းလင်း ဖျက်သိမ်းနိုင်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ထား


ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မဈေးအရှေ့၊ မီးပွိုင့်အနီးတွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်က လက်ဆွဲသေတ္တာအတွင်း ထည့်ထားသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကာ ရှင်းလင်း ဖျက်သိမ်းနိုင်ခဲ့ပြီး တောင်ကြီးမြို့ပေါ်တွင် လုံခြုံရေး တိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 
.
အဆိုပါမိုင်း တွေ့ရှိရာနေရာသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ခင်အောင်၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်နှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးခဲ့ပြီး BE တပ်ဖွဲ့မှ ရှင်းလင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ညနေ ၃ နာရီ ခွဲခန့်တွင် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မဈေး အရှေ့ရှိ City Square စင်တာ ဒုတိယထပ်၊ တောင်ဘက်စင်္ကြန်လမ်း၊ သန့်စင်ခန်းအနီးတွင် မသင်္ကာဖွယ်ရာ အမဲရောင် ကြွပ်ကြွပ်အိတ်တစ်လုံး တွေ့ရှိသဖြင့် BE တပ် တာဝန်ရှိသူများမှစစ်ဆေးခဲ့ရာ မုန့်ဖုတ်စက်သုံး ပစ္စည်းအဟောင်းများ ထည့်ထားသည့် အထုပ်သာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
.
တစ်ဆက်တည်းမှာပင် City Square မြောက်ဘက်ဝင်ပေါက်အနီး အမှိုက်ပုံတွင် မသင်္ကာဖွယ်အထုပ်တစ်ထုပ် ထပ်မံတွေ့ရှိသဖြင့် တာဝန်ရှိသူများမှ ထပ်မံစစ်ဆေးခဲ့ရာ အမှိုက်ထုပ်သာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
.
ထို့အပြင် ညနေ ၄ နာရီခွဲခန့်တွင် မြို့မဈေးမြောက်ဘက်ဝင်ပေါက် သံပန်းတံခါးအနီးတွင် မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခု တွေ့ရှိကြောင်း သိရသဖြင့် ထပ်မံစစ်ဆေးခဲ့ရာ ကလေးကစားစရာ ပစ္စည်းအစုတ်တစ်ခုသာ ဖြစ်ကြောင်း သိရှိခဲ့ရသည်။
.
“ခုလို အချိန် အခါမျိုးမှာ တောင်ကြီးမြို့ရဲ့ ရိုးရာ တန်ဆောင်တိုင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတဲ့အချိန်မှာ ဒေသခံ ပြည်သူတွေ၊ ပြည်တွင်း၊ ပြည်ပက ဧည့်သည်တွေ လာတဲ့အချိန်မှာ အခုလို အထိတ်တလန့်ဖြစ်စေအောင် ဆောင်ရွက်တဲ့အတွက် ကျွန်တော့်အနေနဲ့ ပြတ်ပြတ်သားသား ရှုတ်ချပါတယ်”ဟု တောင်ကြီးမြို့နယ် စည်ပင် သာယာရေးကော်မတီဝင် ကိုဇော်ဝင်းထူး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လက်လုပ်မိုင်း တွေ့ရှိမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှု ရှိခဲ့သော်လည်း လက်ရှိ ကျင်းပနေဆဲ ဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ယနေ့ညပိုင်း၌ ပွဲကြည့်ပရိသတ်များ ပုံမှန်အတိုင်း စည်ကားလျက်ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ မိုင်းတွေ့ရှိမှုနှင့်ပတ်သက်၍ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရာ မီးပုံးပျံကွင်းအတွင်း၌လည်း စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး အဝေရာမီးပုံးပျံကွင်းအတွင်း မသင်္ကာဖွယ်ရာ တွေ့ရှိမှုမရှိကြောင်းနှင့် တန်ဆောင်တိုင်ပွဲတော်လာ ဧည့်ပရိသတ်များအနေဖြင့် ဘေးကင်းလုံခြုံစွာ လတ်ပတ်လေ့လာနိုင်ရေးအတွက် လုံခြုံရေးများ တိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats