မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ အားခေရွာနှင့်
ဝမ်လုံးအုပ်စု၊ လွယ်စတုံရွာအဝင် ပြည်သူ့စစ်စခန်းတို့၌ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းမဲများ
ရောင်းချသူနှင့် သုံးစွဲသူ ၁ဝ ဦးကို နှစ်ရက်ဆက်တိုက်ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ
သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
နိုဝင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ခန့်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊
လွယ်စီတုံရွာအဝင် ပြည်သူ့စစ်စခန်းရှေ့တွင် မူးယစ်ဆေးဝါးသတင်းအရ ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ်
စိုင်းသန်း (၂၆ နှစ်)၊ ဝမ်လုံးရွာ၊ မိုင်းဟဲ(အောက်) အုပ်စု၊ တာချီလိတ်မြို့နေသူ မောင်းနှင်လာသော
နံပါတ်မပါ Honda Wave-I(110) ဆိုင်ကယ်အား ရပ်တန့် ရှာဖွေရာ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား
၂ဝဝဝဝ ပြား၊ အလေးချိန် နှစ်ကီလို၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း ၂ဝဝဝ ခန့်အား ဖမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဆိုပါနေရာ၌ပင် ယန်းခေါင်ရွာဘက်မှ တာချီလိတ်ဘက်သို့
အားတီ (၃၄ နှစ်)၊ လွယ်စတုံ (အောက်)ရွာ၊ ဝမ်လုံးအုပ်စု၊ တာချီလိတ်မြို့နေသူ မောင်းနှင်လာသည့်
နံပါတ်ပါ Honda Wave-I(110) ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၉၅ ပြား၊
အလေးချိန် ၁၉ ဒသမ ၅ ဂရမ်ခန့်၊ ဒေသတန်ဖိုးကျပ် ၁၉၅ဝဝဝ ခန့်အား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
အလားတူ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦး
ဦးစီးအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် နေ့လည် ၂ နာရီခွဲတွင် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး
သတင်းအရ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ အားခေရွာ၊ ဒေါ်မီခါး(၄၅ နှစ်)၏ နေအိမ်အား
ဝင်ရောက်ရှာဖွေရာ ၄င်းနှင့်အတူ ပေါတီ(၂ဝ နှစ်)၊ အိုက်ပလိတ်(၂၅ နှစ်)၊ စိန်းမင်းပိုင်(၂၁
နှစ်)နှင့် ဂျူးယာ (၁၉ နှစ်) တို့အား တွေ့ရှိရသဖြင့် ဆက်လက် ရှာဖွေရာ စိတ်ကြွဆေးပြား
၁၆၅ ပြား၊ အလေးချိန် ၁၆ ဒသမ ၅ ဂရမ်ခန့်၊ ဒေသတန်ဖိုးကျပ် ၁၆၅ဝဝဝ ခန့်အား လည်းကောင်း၊
စိတ်ကြွဆေးပြားရှူသည့် ပလပ်စတစ်ဗူး နှစ်ခုနှင့် မူးယစ်ဆေးဝါးရောင်းချငွေဟု ယူဆရသော
ထိုင်းဘတ်ငွေရောရာ ၃၈ဝ ဘတ်တို့အား လည်းကောင်း တွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
ဆက်လက်ပြီး ဒေါ်မီခါးအခန်းနှင့် ကပ်လျက် မီးဖိုချောင်အခန်းအတွင်း
ရှာဖွေရာ အီးလီးရှဲ (၂၅ နှစ်) မနောရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နှင့် ပေါလု
(၂၄ နှစ်) အားခေရွာ၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့ နှစ်ဦးအား တွေ့ရှိသဖြင့်
၎င်းတို့ နှစ်ဦးအား ရှာဖွေရာ စိတ်ကြွ ဆေးပြား ၄၅ ပြား၊ အလေးချိန် ၄ ဒသမ ၅ ဂရမ်ခန့်၊
ဒေသတန်ဖိုးကျပ် ၄၅ဝဝဝ ခန့်အားလည်းကောင်း၊ စိတ်ကြွဆေးပြားရှူသည့် ပလပ်စတစ်ဘူး တစ်ခုနှင့်
မူးယစ်ဆေးဝါး ရောင်းချငွေဟု ယူဆရသော ထိုင်းဘတ်ငွေရောရာ ၃၁ဝ ဘတ်တို့အားလည်းကောင်း တွေ့ရှိသဖြင့်
ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် နေ့လည် ၂ နာရီ ၄ဝ မိနစ်တွင်
သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ အားခေရွာ၊
ဒေါ်မူးချူး (၆၈ နှစ်)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်မူးချူအား နေအိမ်တွင် တွေ့ရှိရပြီး
၎င်း၏လွယ်အိတ်အတွင်းမှ ဘိန်းမဲဟု ယူဆရသော အမဲရောင် အစေး ၂ဝဝ ဂရမ်ခန့်၊ တန်ဖိုးငွေကျပ်
၃ သိန်း ခန့်နှင့် ဘိန်းရှူရာတွင် အသုံးပြုသည့် ဝါးရိုးတပ်ဘိန်းရှုကိရိယာ တစ်ခု၊ ဘိန်းနယ်ခွက်
တစ်ခုတို့အား တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ သည်။
.
စိတ်ကြွဆေးပြားများ၊ ဘိန်းမဲများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား
တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan