ကျောက်မဲတွင် ကျပ်သိန်းပေါင်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ၉ မမကျည် ၂၁ တောင့်အား ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ကျပ်သိန်းပေါင်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ၉ မမကျည် ၂၁ တောင့်အား ဖမ်းဆီးရမိ


မင်းဇော်မင်း


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တောင်နောက်ကျေးရွာတွင် စရဖ(ရမခ)မှ တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၂၅ ရက်၊ ညပိုင်းတွင် ကျပ်သိန်းပေါင်း ၁၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ၉ မမကျည် ၂၁ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
" အခု ဖမ်းမိတာက ကျောက်မဲမှာ အများဆုံးပါပဲ၊ သတင်းအရ အထက်ဌာနတွေကို တင်ပြပြီးတော့ သွားရောက် ဖမ်းဆီးခဲ့တာပါ။ အခုတော့ တရားခံနဲ့ မူးယစ်ဆေးတွေ၊ ကျည်ဆံတွေကို ရဲတပ်ဖွဲ့ဆီ အပ်နှံထားပြီး ဖြစ်ပါတယ် " ဟု မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ပါဝင်သည့် တပ်မတော် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
.
စရဖ(ရမခ)မှ ဗိုလ်ကြီး ဇာနည်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များ၊ ခမရ(၅၀၂)မှ ဗိုလ်မှူး သန့်ထူးအောင်နှင့် စကခ(၁) ကွန်မန်ဒိုတပ်စုမှ တပ်ကြပ်ကြီး ဇော်လင်း ဦးစီးသော တပ်မတော်သားများသည် သတင်းအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တောင်နောက်ကျေးရွာရှိ ဦးလိုင်းမောင်၏ နေအိမ်သို့ နိုဝင်ဘာလ ၂၅ ရက်၊ ည ၉ နာရီခွဲချိန်တွင် ၀င်ရောက် ရှာဖွေရာ နေအိမ်ကြမ်းခင်းအောက်ရှိ သစ်သားအံဝှက်အတွင်းမှ 88 နှင့် 1 စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၅၀၀ ပြား၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၇၇၀၀၀ (ကာလတန်ဖိုးငွေ ၁၅၄၀၀၀၀၀၀ ကျပ်)နှင့် ၉ မမကျည် ၂၁ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ယင်း ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို တန့်ယန်းမြို့နယ်၊ နောင်ဖာကျေးရွာနေ တရုတ်လူမျိုး တစ်ဦးမှ ကျောက်မဲမြို့နယ်အတွင်း၌ တစ်ဆင့် ပြန်လည် ရောင်းချရန်အတွက် လာရောက် ပို့ဆောင်ထားခြင်းဖြစ်သည်ဟု စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဦးလိုင်းမောင်က ထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။
.

အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများ၊ ကျည်ဆံများနှင့် ဦးလိုင်းမောင်အား ကျောက်မဲမြို့မရဲစခန်းသို့ အပ်နှံ၍ ဗိုလ်မှူး သန့်ထူးအောင်မှ တရားလို ပြုလုပ်တိုင်ကြားခဲ့ပြီး ကျောက်မဲမြို့မရဲစခန်းမှ မယ(ပ) ၃၄/၂၀၁၈၊ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ၉ မမကျည် ၂၁ တောင့်နှင့် ပတ်သက်၍ သီးခြားအမှုဖွင့်နိုင်ရေးအတွက် မြို့နယ်ဥပဒေအရာရှိထံ ဆက်လက်တင်ပြ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats