ကျိုင်းတုံတွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဈေးကောက်နှုန်းထား မြှင့်တင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဈေးကောက်နှုန်းထား မြှင့်တင်



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မဈေးတွင် ပျံကျရောင်းချသူများနှင့် ဆိုင်ခန်းဖြင့်ရောင်းသူများအား ၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စတင်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဈေးကောက် နှုန်းထား အသစ်ဖြင့် တိုးမြှင့်ကောက်ခံလျက် ရှိကြောင်း သိရသည်။
.
.
တိုးမြှင့်ကောက်ခံခဲ့သည့် ပျံကျဈေးဆိုင်ခန်းများအတွက် တစ်ဆိုင်လျှင်ယခင် ၂ဝဝ ကျပ်မှ ၃ဝဝ ကျပ်သို့ တိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး စည်ပင်သာယာရေး ဌာနပိုင် ဈေးဆိုင်ခန်းများတွင် ဈေးရောင်းချသူများအားတစ်ခန်းလျှင် ၄ဝဝဝ ကျပ်မှ ၅ဝဝဝ ကျပ်သို့တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
.
''ဈေးရောင်းချနေသူတွေ သိသာအောင် ဈေးလယ်ခေါင်မှာ ဈေးကောက်နှုန်းထား တိုးမြှင့်ကောက်ခံသွားမယ့် အစီအစဉ်ကို သဘောမတူရင် ကန့်ကွက်နိုင်ကြောင်း အချိန်တစ်လ ကြိုတင်ကြေညာခဲ့ပါတယ်။ လာရောက် ကန့်ကွက်သူမရှိခဲ့ဘဲ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို ဆက်လက်တင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောတူညီခွင့်ပြုချက်အရ တရားဝင်ဈေးကောက်နှုန်းကို တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်'' ဟု ကျိုင်းတုံ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ထွန်းက ပြောသည်။
.
အလားတူ ကျိုင်းတုံမြို့မဈေးကြီးရှိ ပျံကျဈေးဆိုင်များတွင် ၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ဈေးကောက် လေလံအောင်မြင်ခဲ့သည့် ဦးအားဒန်ကလည်း ''နေ့စဉ်ဈေးကောက်ဝန်ထမ်းနဲ့ သန့်ရှင်းရေးဝန်ထမ်းအပြင် အမှိုက်သိမ်းယာဉ်အသုံးစရိတ်တွေ ကုန်ကျနေပါတယ်။ တစ်နှစ်စာ လေလံအောင်ကြေး ပေးသွင်းရတာနဲ့ဆိုရင် ခေတ်ကာလအနေထားအရ တိုးမြှင့်ကောက်ခံခွင့်ပြုပေးဖို့အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တရားဝင်တင်ပြထားခဲ့တာ ကြာနေပါပြီ။ တကယ်တမ်းတော့ အခုနိုဝင်ဘာလကစပြီး ပြင်ဆင်သတ်မှတ်လိုက်တဲ့ နှုန်းထားနဲ့ ကောက်ခံတာ ဖြစ်ပါတယ်'' ဟု ကမ္ဘောဇတိုင်းသို့ပြောသည်။
.
''ဈေးကောက်ခ ၃ဝဝ ဆိုတော့လည်း ပေးရမှာပါ။ ဒါပေမဲ့တရားဝင်အောင် ဈေးကောက်တာဝန်ခံ လက်မှတ်နဲ့ တံဆိပ်တုံးပါပြီး ငွေရပြေစာမှာလည်း ၃ဝဝ ကျပ်လို့ ရေးပေးစေချင်ပါတယ်'' ဟု ကျိုင်းတုံမြို့မဈေးကြီးအတွင်း ပျံကျရောင်းချနေသည့် ဈေးသည်တစ်ဦးမှပြောာသည်။
.
ကျိုင်းတုံမြို့မဈေးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ နှစ်စဉ်လေလံဖြင့် ဈေးပတ်ပတ်လည်ရှိ ဆိုင်ကယ် အပ်နှံခြင်းလုပ်ငန်း၊ ဈေးအိမ်သာလုပ်ငန်း၊ ဈေးကောက်လုပ်ငန်း၊သားသတ်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများမှ အဓိကဝင်ငွေရရှိလျက်ရှိကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats