တောင်ကြီးတန်ဆောင်တိုင် ယာဉ်ရပ်နားခ ပိုမို ကောက်ခံပါက စားသုံးသူရေးရာသို့ တိုင်ကြားနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင် ယာဉ်ရပ်နားခ ပိုမို ကောက်ခံပါက စားသုံးသူရေးရာသို့ တိုင်ကြားနိုင်

နန်းနန်း
.
လက်ရှိ ကျင်းပပြုလုပ်နေလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားခများကို သတ်မှတ် ဈေးနှုန်းထက် ပိုမို ကောက်ခံပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားခများကို မော်တော်ယာဉ် တစ်စီးလျင် ၃၀၀၀ ကျပ်၊ မော်တော်ဆိုင်ကယ် တစ်စီးလျင် ၁၀၀၀ ကျပ်သာ သတ်မှတ်ထားသော်လည်း ယာဉ်နားခ ကောက်ခံရာတွင် ပိုမို ကောက်ခံနေလျက်ရှိကြောင်း ပွဲလာသူများအကြား ဝေဖန်မှုများ မြင့်တက်နေလျက် ရှိသည်။
.
" ယာဉ်ရပ်နားခ ပိုမိုကောက်ခံရင် စားသုံးသူရေးရာကို တိုင်ကြားလို့ ရပါတယ်။ တိုင်ကြားတဲ့နေရာမှာ တိုင်ကြားတဲ့သူရဲ့ အချက်အလက်တွေတော့ လိုပါမယ်။ ဒီအချက်အလက်တွေကို ကျွန်တော်တို့က မထုတ်ပြန်ဘူး၊ မဖော်ထုတ်ပါဘူး၊ လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။ စားသုံးသူရေးရာ ဦးစီးဌာနက စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းကို လုပ်တဲ့အခါမှာ ကုန်စည်နဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ ကုန်စည်ဆိုတာက ကုန်အားလုံး ပါဝင် ပါတယ်။ ၀န်ဆောင်မှုဆိုတာက လေကြောင်း ၀န်ဆောင်မှု၊ ငွေကြေးဝန်ဆောင်မှု၊ ခရီးသည်ပို့ဆောင်ရေး ၀န်ဆောင်မှု၊ ဘာသာတရားနဲ့ သော်လည်းကောင်း၊ ယဉ်ကျေးမှုနဲ့ သော်လည်းကောင်း ဆန့်ကျင်တဲ့ ကြော်ငြာတွေကို တိုင်ကြားမယ်ဆိုရင် အကျုံးဝင်ပါတယ်။" ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
.

တိုင်ကြားသူများအနေဖြင့် ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ လည်းကောင်း၊ ရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ လည်းကောင်း ဖုန်းနံပါတ် ၀၈၁ ၂၀၆၈၀၄ သို့ ဆက်သွယ် တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ လူမှုကွန်ရက် (Facebook) အကောင့် Messenger များနှင့် www.doca.gov.mm တွင်လည်း နည်းလမ်းပေါင်းစုံဖြင့် တိုင်ကြားနိုင်ကြောင်း သိရသည်။
.
ထို့အပြင် တိုင်ကြားသူများ အနေဖြင့် အထောက်အထား ခိုင်လုံစွာဖြင့် တိုင်ကြားရန် လိုအပ်မည် ဖြစ်ပြီး တိုင်ကြားချက်များ မှားယွင်းနေပါကလည်း တိုင်ကြားသူကို အရေးမယူကြောင်းနှင့် တိုင်ကြားသူကို အထူးလျှို့ဝှက်သွားမည် ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ဆိုသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လေလံရောင်းချရာတွင် ယာဉ်ရပ်နားစခန်းလုပ်ငန်း (၁) အတွက်  ငွေကျပ် ၁၀၅ သိန်း၊ ယာဉ် ရပ်နားစခန်းလုပ်ငန်း (၂) အတွက် ငွေကျပ် ၁၀၇ သိန်းနှင့် ယာဉ် ရပ်နားစခန်း (၃) အတွက် ငွေကျပ် ၁၀၃ သိန်းဖြင့်  ဦးဆန်းမောင်တို့ကို ပေးအပ်ထားခြင်း ဖြစ်ပြီး ယာဉ် ရပ်နားခအဖြစ်  မော်တော်ယာဉ် တစ်စီးလျင် ၃၀၀၀ ကျပ်၊ မော်တော်ဆိုင်ကယ် တစ်စီးလျင် ၁၀၀၀ ကျပ် သတ်မှတ်ထားပြီး ပိုမိုကောက်ခံခြင်းများ ရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ကမ္ဘောဇတိုင်းသို့ ပြောကြားထားသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားခ ပိုမိုကောက်ခံမှု အပေါ် ပွဲလာသူများအကြား ဝေဖန်မှုများ ရှိနေသည့်အပြင် VIP ၊ VVIP မော်တော်ယာဉ် ယာဉ်ဝင်ခွင့်များနှင့် ပတ်သက်၍လည်း ပြင်းထန်စွာ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

Journal Download

Photo of three cats