ကျားနှင့် ငပျင်း မိတ်ဖက်ခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျားနှင့် ငပျင်း မိတ်ဖက်ခြင်း


ကြည်ဖြူသန့်စင်အောင် (တောင်ကြီး)
.
.
ကျွန်တော်ငယ်စဉ်က အဘိုးအဘွားတို့၏ စာအုပ်စင်ထဲက စာအုပ်တစ်အုပ် ဆွဲထုတ်ယူ ၍ စာရေးဆရာ စစ်ကိုင်းဦးဘိုးသင်းရေးသား သော သူ့အမြင်နှင့်သူ့အတွေးစာအုပ်ကို ဖတ် ကြည့်တဲ့အခါ အရေးအသားတွေက မှတ်သား စရာကောင်းတယ်။ လူကြီးတစ်ယောက်ကဆုံးမ နေတာ''မင်းတို့သိထားဖို့က ဦးခြံထဲမှာစိုက်ထား တဲ့ အသီးအနှံတွေက ပိုးမွေးသလိုမွေး၊ ယုယ ပြုစုပြီး နှစ်ပေါင်းများစွာစိတ်ရှည်ရှည်ရေ လောင်းပေါင်းရှင်းပြီး စိုက်ပျိုးခဲ့ရတယ်။ မင်းတို့ က ဦးမသိဘဲနဲ့ ဦးခြံထဲက အသီးအနှံကို ခိုးယူကြတယ်။''
.
''မင်းတို့ သိထားဖို့က ဘာပစ္စည်းဥစ္စာမှ အလကားမရဘူး။ သူတစ်ပါးပစ္စည်းဥစ္စာကို အလကား အချောင်မလိုချင်ပါနဲ့။ အဲဒီအကျင့် စရိုက်မျိုးမင်းတို့စိတ်ဓာတ်မှာ အမြစ်တွယ်သွား ပြီဆိုရင် မင်းတို့တစ်တွေ ခိုးလို့မရရင် လူပါ သတ်၊ အနိုင်ကျင့်လုယက်၊ ရမ်းကား၊ မူးယစ် သောက်စား၊ ရက်စက်တဲ့အကျင့်တွေပါလာ တော့မှာ ဒါကြောင့် မင်းတို့လိုလူမျိုးတွေများလာ ရင် တိုင်းပြည်လည်းပျက်စီး၊ တိုးတက်ကြီးပွား ဖို့ခက်တယ်''
.
မှတ်သားစရာကောင်းတဲ့အချောင်သမားတွေကို ပညာပေးဆုံးမတဲ့ စကားစာသားကို ဖတ်မိတဲ့ကျွန်တော် အတွေးတစ်ခုဝင်လာပြီး သြော် ဆရာရယ် အနာဂတ်ကိုကြိုတွေးပြီးရေးခဲ့ သလား၊ ယခုခေတ်ကြည့်ပါ။ စာစောင်တွေကို ဖတ်ရတိုင်း ရွာနဲ့မြို့၊ မြို့နဲ့ရွာဆိုသည့်အတိုင်း တစ်ချိန်ကရွာတွေမှာ သောင်းကြမ်းသူတွေ ကြောက်ရလို့မအေးချမ်း၊ အေးချမ်းတဲ့နေရာ မြို့ကြီးပြကြီးများကို ပြေးကြရ၊ ယခုတော့ မြို့ ကြီးပြကြီးတွေမှာလည်း လုယက်မှု၊ ဓားထိုးမှု၊ သတ်မှု၊ ခိုးမှု၊ လိမ်မှုတွေ ဒုစရိုက်မှုတွေပိုများ လာခြင်းအကြောင်းအရင်းကို တွေးခေါ်မျှော်မြင် စဉ်းစားကြည့်ရင်း အချောင်သမားငပျင်းများ ကြောင့် ဖြစ်သည်။        
.
အချောင်သမား ငပျင်းပုံပြင်ရှိခဲ့ဖူးသည်။ ပုံပြင်ကတော့ ဟိုရှေးရှေးတုန်းက သာယာအေး ချမ်းသော ရွာကြီး တစ်ရွာရှိသည်။ ရွာနာမည်က ''သာယာအေးရွာကြီး လူဦးရေများ၊ တောအုပ်  ထူထပ်စိမ်းစိုသာယာအေးချမ်းသော ရွာကြီး တစ်ရွာဖြစ်သည်။ ဤရွာ ဤဒေသမှာဆန်ရေ စပါး ပြေါ<ွကယ်ဝ၍ သယံဇာတပစ္စည်းသုံး မကုန်အောင် ပေါတဲ့ စိုပြေငြိမ်းချမ်းညီညွတ်စည်း လုံးသော ညီအစ်ကိုရင်းပမာ ချစ်ခင်ကြင်နာစွာ နေထိုင်သော ရွာလူကြီးနဲ့ ရွာသူရွာသားများ ဖြစ်ကြ၏။ နောက်တော့ အချိန်ကာလယန္တရား ရွေ့ လျားလာတဲ့အခါ တစ်ချိန်က အေးချမ်း သာယာပါတယ်ဆိုတဲ့ သာယာအေးရွာကြီး ယခုတော့ မသာယာ၊ မအေးချမ်း ရွာသူ/ရွာသား အမိအဘ၊ အဘိုး အဘွား  ကလေးလူငယ်ပါမ ကျန် စိုးရိမ်ထိတ်လန့် ကြောက်စိတ်တွေနဲ့ နေကြရသည်။ ဘယ်သူ့ကို ကြောက်တာလဲဆိုတော့ ကျားကြီး တစ်ကောင်ကိုကြောက်နေရ သည်။
.
ကြောက်စရာကောင်းတဲ့ကျားကြီးသောင်း ကြမ်းလို့ ရွာရှိလူအကုန် အိမ်မွေးတိရစ္ဆာန်တွေကို တစ်စတစ်စဆွဲစားလို့ သေကြေပျက်စီး၊ လယ်ယာမြေ၊ အိုးအိမ်၊ ခြံမြေစွန့်ပစ်ပြေးကြ၊ လွှားကြ၊ ကျားကြီးအန္တရာယ်ရန်ဘေးဒုက္ခကင်း ဝေးရအောင် ခေါင်းဆောင်ရွာသူကြီးက စဉ်း စားတွေးခေါ် ဝေဖန်ပိုင်းခြားလေသည်။ ''မဖြစ် ဘူး ငါ့ရွာသူရွာသားတွေ အိပ်ကောင်းခြင်းမအိပ် ရ၊ စားကောင်းခြင်းမစားရ၊ အလုပ်အကိုင်လည်း အေးအေးချမ်းချမ်းမလုပ်ရ၊ အလုပ်ပျက်အကိုင် ပျက်တဲ့ဘဝမျိုးကို ရောက်နေပြီး ဤဒုက္ခတွေ ကင်းဝေးဖို့ ကျားကြီးနဲ့မိတ်ဖွဲ့၊ ကျားကြီးဖြစ်ချင် တဲ့ ဆန္ဒသဘော၊ စိတ်တွင်းမနောကို တောင်း ယူရန် ခေါင်းဆောင်ရွာသူကြီးနဲ့ ကျားကြီးသွား ရောက်ညှိနှိုင်းတယ်။ အမောင်ကျားကြီး မင်း ရွာထဲကိုလာလာပြီး မသောင်းကြမ်းပါနဲ့ကွာ။ မင်းစားချင်တာပြော၊ မင်းရှေ့မှောက်ကို ငါ တစ်နေ့ လူတစ်ယောက်နှုန်းလွတ်ပေးမယ်။ လူ တစ်ယောက်နှုန်းလွတ်လိုက်ရာ ကျားစာမိကြ သည်။
.
နောက်ဆုံးတော့ ငပျင်းအလှည့်ရောက် တော့ ငပျင်းကကျားကြီးကို ချော့မော့ပွတ်သိပ် နှိပ်နယ်ပေးလေသည်။ ငပျင်းက''အဆွေကျား ကြီး ကျွန်တော့်ကို စားရင်တစ်ခါပဲ စားရမယ်။ ရေရှည်စားရအောင် အသားငါးတွေ ဖန်တီးပေး မယ်။ ငပျင်းသည် ကျားကြီးနဲ့ အပေးအယူမျှ သွားလေ၏။ ကျားကြီးနဲ့ငပျင်းမိတ်ဖက်ဖြစ် သွားတယ်။ ကျားကိုအကြောင်းပြုပြီး ငပျင်းရွာထဲ သွားကာ တစ်အိမ်ဝင်တစ်အိမ်ထွက် အမဲသား၊ ဝက်သား၊ ကြက်သား စသည်တို့ကို တောင်း လေ၏။ ရွှေရှိရွှေတောင်း၊ ငွေရှိငွေတောင်းလေ ၏။ ရွာသူကြီးခေါင်းဆောင်နှင့် ရွာသူရွာသား တွေက ငပျင်း ဘာလို့လာတောင်းတာလဲ၊ လျှာမရှည်နှင့် ပြန်မပြောနှင့် ငါတောင်းတာပေး၊ ပေးမလား မပေးဘူးလား၊ မပေးရင်တော့ ခင် ဗျားတို့ ကျားစာမိလိမ့်မယ်နော်။ နောက်ဆုံး တော့ ရွာသူကြီးခေါင်းဆောင်နှင့် ရွာသူရွာသား များ ကျားကြီးကိုလည်းကြောက်ရ၊ ငပျင်းကို လည်းကြောက်ရဘဝ၊ နားလန်မထူနိုင်ပဲ ဖြစ် ကြရသည်။
.
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ဤပုံပြင် လေးကိုဖတ်လိုက်ရသောအားဖြင့် ရရှိလိုက် သော ဗဟုသုတ သင်ခန်းစာကတော့ သာယာ အေးရွာကြီးမှာ ငပျင်းအချောင်သမားလိုလူစား မျိုး၊ အကျင့်မကောင်းသော ကျားသတ္တဝါလို လူစားမျိုးတွေ ဆက်ရှိနေသေးရင် ပြည်သူပြည် သား၊ ရွာသူရွာသားများ စိုးရိမ်ထိတ်လန့်၊ ကြောက်စိတ်များစွာဖြင့် ဘဝတိုးတက်မှုမရှိဘဲ ဘဝဟာသေပြီပေါ့ဗျာ။ ငပျင်းအချောင်သမား၊ အကျင့်မကောင်းသော ကျားသတ္တဝါ၊ သူတို့ လို လူစားမျိုးတွေကို ပြည်သူပြည်သား၊ ရွာသူ ရွာသားအားလုံး ဥပဒေနှင့်အညီ တိုက်ထုတ်ဖို့ လိုလာပြီဟု တိုက်တွန်းနှိုးဆော်ရေးသားလိုက် ရပါသည်။  
.
.
.
#KBZTai #Shan

Journal Download

Photo of three cats