မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
လင်းခေးခရိုင်၊ မိုးနဲမြို့တွင် နိုဝင်ဘာလ ၉ ရက်က လူနေခြံဝင်းအတွင်းရှိ ရှေးဟောင်းဘုရားတစ်ဆူ
ပြိုပျက်မှု ဖြစ်ပွားခဲ့သည့်အတွက် အခြားစေတီပုထိုးများ၊ ဆင်းတုတော်များ ထပ်မံပြိုပျက်မှုမဖြစ်ပွားစေရန်
ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်လိုအပ်ကြောင်း မိုးနဲမြို့သံဃနာယကဆရာတော်က မိန့်ကြားခဲ့သည်။
.
.
“ပြိုတာလား၊၊
ဖြိုတာလား သေချာမသိဘူး။ အနိစ္စသဘောလို့ ယူဆပါတယ်။ ကြာလဲကြာပြီကိုး။၊ ဒါပေမဲ့ ကျန်တဲ့
စေတီပုထိုးတွေ ဆက်လက်ထိန်းသိမ်းနိုင်ဖို့က သာသနာ့နယ်မြေအဖြစ် ခြံဝင်းခတ်ပြီး ထိန်းသိမ်းသင့်တယ်လို့
ယူဆပါတယ်”ဟု မိုးနဲမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော် ဘဒ္ဒန္တမာဃိန္ဒ မှ ယင်းစေတီပြိုပျက်မှုနှင့်ပတ်သက်၍
မိန့်ကြားခဲ့သည်။
အဆိုပါ ပြိုပျက်ခဲ့သည့်စေတီမှာ
မိုးနဲမြို့၊ ပေါ့မိုင်းရပ်ကွက်ရှိ ဦးတင်ခိုင် ဇနီးဒေါ်မြမြ၀င်း တို့၏ နေအိမ်ဝင်းအတွင်း
တည်ရှိ နေခြင်းဖြစ်ပြီး နိုဝင်ဘာ ၉ ရက် ပြိုပျက်ခဲ့ခြင်းဖြစ်ကာ ယင်းနေ့ ညနေပိုင်းတွင်
ဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များကွင်းဆင်းစစ်ဆေးခဲ့ပြီး
ရှေးစေတီတစ်ဆူအနေဖြင့် နှစ်ကာလကြာမြင့်ပြီး သဘာဝဘေးဒဏ်များကြောင့် ကြံ့ခိုင်မှုအားနည်းကာ
ပြိုကျရခြင်းဖြစ်သည်ဟု အတည်ပြုခဲ့သည်။
.
လွန်ခဲ့တဲ့
၂၅ နှစ်လောက်ကတည်းက ဘုရားတွေစေတီတွေ လူနေခြံဝင်းတွေရောက်ရှိကုန်ကြတော့ အခုလဲ အရပ်က
မြင်တဲ့သူတွေကပြောတာက ဖြိုတယ်လို့ ပြောကြပါတယ်။ ခုချိန်မှာ နိုင်ငံတော်သမ္မတထံကအစ ပြည်နယ်ဝန်ကြီးချုပ်၊
ရှေးဟောင်းသုတေသနတို့ကနေ ဟိုတယ်နဲ့ခရီးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ရှေးဟောင်းအမွေအနှစ်အရရော၊
သာသနာ အမွေအနှစ်အရ ရော ဆက်လက်တည်တံ့ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။
ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စေတီပုထိုးတွေကို အမည်စာရင်းကောက်ယူထားသလို တားမြစ်မိန့်ထုတ်ပြန်တာကိုလည်း
အရင်လုပ်ဆောင်သင့်ပါတယ်” ဟု မိုးနဲမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်က
ဆိုသည်။
.
မိုးနဲမြို့နယ်တွင်
သာသနာရေးဦးစီးဌာန၏ စာရင်းအရ စေတီပေါင်း ၄၇၈ ဆူ ရှိနေပြီး အချို့စေတီများမှာ ခြံဝင်းများအတွင်း
ရောက်ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ ဌာနအနေဖြင့် မိုးနဲမြို့ကို နယ်မြေ ၄ ခုသတ်မှတ်ကာ
ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကြောင်းနှင့် စေတီမျာတည်ရှိသည့်နေရာအချို့မှာ မီးလောင်ကျွမ်းသည့်နေရာများဖြစ်နေပြီး
လူနေခြံဝင်းများအတွင်း တည်ရှိနေသည်မှာ လွန်ခဲ့သည့်နှစ်များစွာကတည်းက မြေကြီးမြေပုံ
မကိုက်ညီမှုများဖြစ်နိုင်သဖြင့် သာသနာ့နယ်မြေအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
မိုးနဲမြို့နယ်သာသနာရေးဦးစီးဌာနမှူး ဦးပြည့်ဖြိုးကျော်က ပြောသည်။
.
မိုးနဲမြို့သည်
ရှမ်းပုဂံဟု တင်စားရလောက်အောင်ပင် ရှေေးဟောင်းဘုရားနှင့်စေတီပုထိုးများ မြောက်များစွာတည်ရှိသည့်
မြို့တစ်မြို့ဖြစ်ကာ သမိုင်းမှတ်တမ်းများအရ မိုးနဲမြို့ကို ဘီစီ ၅၀၀ မှစတင်တည်ထောင်ပြီး
ပထမမိုးနဲ အဖြစ် ယခုမိုးနဲ၏ အရှေ့မြောက်ဘက် ၁၈ မိုင်ခန့်အကွာတွင်ရှိ နောင်လိုင်ကျေးရွာ၏ အရှေ့အရပ်ရှိ နမ့်တာပူတွင်လည်း
ကောင်း၊ ဒုတိယမိုးနဲကို ယခုမိုးနဲ၏ အရှေ့ဖက် ၃ မိုင်ခွဲအရပ် ဆိုင်းဖယ်ရွာ၏မြောက်ဘက်၊
လွိုင်နန်းရွာ၏အနောက်ဖက်၊ ဟိုင်းကေရွာ ၏အရှေ့တောင်ဘက်တွင် လည်းကောင်း တည်ထောင်ခဲ့ပြီး
လေးဖက်လေးတန်မြို့ရိုးများကာရံထားကာ ကျုံး ၉ ထပ်ရှိကြောင်း၊ တတိယ မိုးနဲမှာ ယခုမိုးနဲဖြစ်ပြီးလူဦးရေ
၅၀၀၀၀ကျော်၊ အိမ်ခြေ ၈၀၀၀ ကျော်ရှိကြောင်း၊ မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း ၄၄
ကျောင်းရှိ ၍ အဓိကစေတီင်္ ၄၇ ဆူရှိကာ၊ စေတီအဆူပေါင်း ၄၇၈ ဆူရှိကြောင်း၊ အင်းအိုင် ၃ အိုင်၊
မြစ်ချောင်း ၃ ချောင်း၊ သဘာဝ စိမ့်စမ်း များနှင့်သာယာလှပသည့် ပတ်ဝန်းကျင်အနေအထားများ
ရှိပြီး ယခင်အင်္ဂလိပ်ခေတ် တွင်ပင် ယူနံယံဂျက်အလံကို ဟော်နန်း အတွင်းစိုက်ထူ၍ ရှေးဟောင်းထိန်းသိမ်းရန်မြို့အဖြစ်သတ်မှတ်ခံရဖူးကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan