တောင်ကြီးမြို့ ၊ ချမ်းသာရပ်ကွက်တွင် သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူများအား ထောက်ပံ့ငွေ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ ၊ ချမ်းသာရပ်ကွက်တွင် သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူများအား ထောက်ပံ့ငွေ ပေးအပ်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင် ကျောင်းသား/ကျောင်းသူများအား နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက အဆိုပါရပ်ကွက်ရှိ ရှေ့သို့စာကြည့်တိုက် တွင် မြတ်ချမ်းသာ ပရဟိတအသင်းမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြတ်ချမ်းသာပရဟိတအသင်းမှ ချမ်းသာရပ်ကွက်အတွင်းရှိ အသက် ၇၅ နှစ်အထက် သက်ကြီးရွယ်အို ၃၃ ဦးနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
မြတ်ချမ်းသာပရဟိတအသင်းမှ ပြုလုပ်သော တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် စတုတ္ထ အကြိမ်မြောက် ၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သူများ အား ဂုဏ်ပြုဆု ချီးမြှင့်ပွဲတွင် ရှေ့ သို့ စာကြည့်တိုက် မြေငှားဂရန်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
.
“ရပ်ကွက်ထဲမှာရှိတဲ့ သာရေး၊ နာရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လုပ်ငန်းတွေကို တတ်နိုင်သလောက် လုပ်ဆောင်ပေးပါတယ်။ အခုလို ရပ်ကွက်ထဲမှာ ပညာရေးကို အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူ လေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာ ဖြစ်ပါတယ်။ နောက် သက်ကြီးရွယ်အိုတွေကတော့ တစ်ဘက် တစ်လမ်းကနေ ကူညီတဲ့အနေနဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်” ဟု မြတ်ချမ်းသာပရဟိတအသင်းမှ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်သီတာဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။ 
.
ချမ်းသာရပ်ကွက်ရှိ သက်ကြီးရွယ်အို ၃၃ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်းဖြင့် ကန်တော့ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်  ကျောင်းသား၊ ကျောင်းသူ ဘာသာစုံဂုဏ်ထူးရှင် ၁ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ရိုးရိုးအောင်မြင်သူ ၈ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂ သောင်း နှုန်းဖြင့် မြတ်ချမ်းသာပရဟိတအသင်းမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ကျောင်းသူ ၁၀ ဦးအနက် ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူ ၂ ဦးအား သီးခြားအနေဖြင့် မြတ်ချမ်းသာပရဟိတအသင်းမှ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်သီတာဝင်းက ဂုဏ်ထူး ၁ ဘာသာလျှင် ငွေကျပ် ၁ သောင်းနှုန်းဖြင့် ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
.
မြတ်ချမ်းသာပရဟိအသင်းအနေဖြင့် ချမ်းသာရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား သာရေး၊ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats