ကလောမြို့နယ်၊ မြင်းမထိကျေးရွာအနီးတွင် တွဲကားယာဉ်မှ ဆိုင်ကယ်ကို တိုက်မိ၍ ဆိုင်ကယ်မောင်းသူ ပြင်းထန်စွာ ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်၊ မြင်းမထိကျေးရွာအနီးတွင် တွဲကားယာဉ်မှ ဆိုင်ကယ်ကို တိုက်မိ၍ ဆိုင်ကယ်မောင်းသူ ပြင်းထန်စွာ ဒဏ်ရာရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ မြင်းမထိကျေးရွာအနီး အောင်ပန်း-ပင်လောင်သွား ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၁၅ ရက်၊ ညနေပိုင်းက ၁၈ ဘီး တွဲကားယာဉ်မှ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
.

" လူနာက ပေါင် ၃ ပိုင်း ကျိုးတယ်၊ မြင်ရတာတော့ ပြင်းထန်ပါတယ်၊  ကာယကုသိုလ်အဖွဲ့က အကြောင်းကြားလို့ ချက်ခြင်း လူနာကို ကလောဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်" ဟု အောင်ပန်းမြို့၊ လူမှုကူညီရေးအသင်းမှ ဦးစိုးနိုင်က ကမ္ဘောဇတိုင်းသို့  ပြောသည်။
.

ကျောက်ဆည်မြို့၊ တောင်နံ့သာရပ်ကွက်နေ မျိုးသိန်းဆွေ မောင်းနှင်လာသည့် ၁၈ ဘီးတွဲယာဉ်သည် ပင်လောင်းဘက်မှ အောင်ပန်းဘက်သို့  မောင်းနှင်လာစဉ် ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၊ အောင်ပန်း-ပင်လောင်းကားလမ်း၊ မိုင်တိုင်အမှတ်(5-KM/6-KM) ကြားသို့ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ အောင်ပန်းဘက်မှ ပင်လောင်းဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၊ တောင်ကြီးချေကျေးရွာနေ ဦးသန်းထိုက်စိုး၊ (၄၀)နှစ်ကို တိုက်မိကာ ၀ဲဘက်ပေါင်ကျိုး၊ ၀ဲဘက် ဒူးကျိုး၊ ၀ဲဘက် ခြေသလုံးရိုး ကျိုး၊ ၀ဲဘက်ခြေဖ၀ါး၊ အပေါ်နှုတ်ခမ်း၊ ၀ဲ/ယာနဖူးပေါက်ပြဲ ဒဏ်ရာများနှင့် နှာခေါင်းသွေးထွက် ဒဏ်ရာများရရှိပြီး ကလောမြို့နယ်ဆေးရုံသို့ အောင်ပန်းလူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
.

ယင်းကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောအတွင်းရှိ ဆိုင်ကယ်ကို
ဒဏ်ရာများရရှိစေအာင် တိုက်မိစေသည့် ယာဉ်မောင်းဖြစ်သူ မျိုးသိန်းဆွေ အား ကလောမြို့မရဲစခန်းမှ ယာဉ်(ပ) ၂၀/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၊ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Journal Download

Photo of three cats