ကမ္ဘာတည်သရွေ့ တည်ရှိနေဦးမည့် ရိုးရာပွဲတော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘာတည်သရွေ့ တည်ရှိနေဦးမည့် ရိုးရာပွဲတော်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းသာမက မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်ကြီးဖြစ်သည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်မှ စတင်၍ ကျင်းပပြုလုပ်နေပြီဖြစ်ပါသည်။ မိုးလေကင်းလွတ် သီတင်းကျွတ်ကာလ လွန်မြောက်သော တန်ဆောင်မုန်းလတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးပူဇော်ပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကျင်းပကြလေ့ရှိပါသည်။ ယင်းမီးထွန်းပွဲတော်များအနက် တောင်ကြီးမြို့တော်၏ တန်ဆောင်တိုင်ပွဲတော်သည် အခြားမြို့ ရွာများနှင့်မတူ တစ်မူထူးခြားသည့် ရိုးရာမီးပုံးပျံပြိုင်ပွဲကြောင့် မြန်မာတွင်သာမက ကမ္ဘာကျော်သည့် ပွဲတော်ကြီးတစ်ခုအဖြစ် အားလုံးက အသိအမှတ်ပြုလက်ခံနေကြခြင်းသာ ဖြစ်ပါသည်။
.
မီးပုံးပျံလွှတ်ခြင်းအလေ့အထကို ရှေးယခင်ကတည်းက ကံကောင်းစေသည်ဟုယူဆကာ လွှတ်တင်မှုများရှိခဲ့ကြပါ သည်။ တောင်ကြီးမြို့တွင် ၁၉၄၁ ခုနှစ်၌ ကုန်သာကျောင်းဆရာတော်ဘုရားကြီး ဦးဆောင်၍ ခေါင်အချင်း ပေ ၅ဝ ခန့်ရှိ ပိတ်သားဖြင့် ချုပ်လုပ်ထားသော မီးပုံးပျံကြီးကိုလွှတ်တင်ခဲ့ရာမှ တောင်ကြီးမီးပုံးပျံယဉ်ကျေးမှု စတင်ခဲ့သည်ဟု ဆိုနိုင်ပါ သည်။
.
စစ်ပြီးခေတ် ၁၉၄၅ ခုနှစ်တွင် Our Day ပွဲခေါ် မြို့ဝင်ပွဲကို တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံရှေ့၊ ဂတ်တဲ (ယခု မြို့မ ရဲစခန်း)တွင် စတင်ကျင်းပခဲ့သည့်အချိန်မှစ၍ တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲနှင့်အတူ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများ ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းတွင် ပြိုင်ပွဲအသွင်ဆောင်လာကာ ၁၉၅ဝ ခုနှစ်များမှ၍ မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးတန်ဆောင် တိုင်မီးထွန်းပွဲတွင် ထည့်သွင်းကျင်းပခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရပါသည်။
.
ထိုအချိန်က စတင်ခဲ့သော မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲသည် ခေတ်အဆက်ဆက် မီးပုံးပျံပညာရှင်၊ ဝါသနာရှင်များ၏ ကြိုးစားအားထုတ်မှု၊ အနစ်နာခံမှုတို့ကြောင့် ယနေ့အခါတွင် ကမ္ဘာကျော်သည့် ပွဲတော်တစ်ခုဖြစ်လာခဲ့ပြီး ပြိုင်ပွဲဝင်မီးပုံး ပျံများကလည်း တစ်နှစ်ထက်တစ်နှစ် ရိုးရာအမွေအနှစ်ကို အခြေခံ၍ ဆန်းသစ်တီထွင်မှုများ ပြုလုပ်လာခဲ့သည်ကိုအား လုံးအသိပင်ဖြစ်ပါသည်။
.
မီးပုံးပျံပြိုင်ပွဲ အထူးသဖြင့် ညမီးကြီး (ညမီးကျည်) မီးပုံးပျံပြိုင်ပွဲသည် လူထုပရိသတ် စိတ်ဝင်စားမှုအမြင့်မားဆုံးဖြစ် သလို အခက်ခဲဆုံး၊ စိန်ခေါ်မှု အများဆုံးနှင့် ကြိုးပမ်းအားထုတ်ရသည့် မီးပုံးပျံအမျိုးအစားဖြစ်ပါသည်။ ပွဲတော်လာ ဧည့်ပရိသတ်များ ကောင်းကင်ယံတွင် မိနစ်ပိုင်းမျှ ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားနိုင်ရေးအတွက် မီးပုံးပျံအဖွဲ့သားများက လနှင့်ချီ၍ အိပ်ပျက်၊ အစားပျက်၊ စီးပွားရေးလုပ်ငန်းဆောင်တာများ အပျက်ခံပြီး လုပ်ဆောင်ကြရပါသည်။ ညမီးကြီး မီးပုံးပျံတစ်လုံး၏ တန်ဖိုးသည်လည်း ယနေ့ခေတ်တွင် သိန်း ၄ဝ အထက်အထိ ကုန်ကျလေ့ရှိပါသည်။
.
ထို့အပြင် ညမီးကြီးမီးပုံးပျံ ပြုလုပ်ရာတွင် အဓိကအားဖြင့် ပေါက်ကွဲစေတတ်သော ယမ်းနှင့် လောင်ကျွမ်းသောမီးကို အ သုံးပြု၍ တီထွင်ဆန်းသစ်မှုများ ပြုလုပ်ရသည့်အတွက် အင်မတန်မှ အန္တရာယ်များသည့် အလုပ်တစ်ခုလည်း ဖြစ်ပါသည်။ စည်းစနစ်ကျနစွာ လုပ်ဆောင်ပါသော်လည်း အခန့်မသင့်ပါက ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားတတ်ပြီး အခန့်မသင့်လျှင် အိုး အိမ်ဆုံးရှုံးမှုများ၊ အသက်ခန္ဓာဆုံးရှုံးမှုများကို ကြုံတွေ့တတ်လေ့ရှိပါသည်။
.
သို့ပါသော်လည်း မီးပုံးပျံကိုချစ်သော၊ မီးပုံးပျံကို တန်ဖိုးထားသော တောင်ကြီးသားများက ဇွဲမလျှော့ဘဲ တတ်နိုင်သမျှ စည်းစနစ်ကျနစွာဖြင့် နှစ်စဉ်မပျက် ရာသီအချိန်အခါရောက်တိုင်း မီးပုံးပျံပြုလုပ်ကာ လွှတ်တင်ပူဇော်ကြလေ့ရှိပါသည်။
.
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲသည် ပျော်ပွဲရွှင်ပွဲသက်သက် မဟုတ်ဘဲ ဗုဒ္ဓဘုရားရှင်ကို ပူ ဇော်သည့်ပွဲလည်း ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံဂုဏ်ဆောင်သည့် ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားများလည်း အများအပြား လာရောက်လည်ပတ်ကြသည့်အတွက် နိုင်ငံ့ဝင်ငွေကို တစ်ဘက်တစ်လမ်းမှ ရှာဖွေပေးနိုင်သည့် ပွဲတော်တစ် ခုလည်း ဖြစ်ပါသည်။
.
ထို့အပြင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်အဖြစ် ထည့်သွင်းနိုင်ရေးလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာကျော်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်ကြီးနှင့်အတူ ရိုးရာမီးပုံးပျံ လွှတ်တင်ပူဇော်ပွဲကြီးသည် ကမ္ဘာတည်သရွေ့ တည်ရှိနေဦးမည်သာ ဖြစ်ပါတော့သည်။ 
.
.
.
#KBZTai #Shan

Journal Download

Photo of three cats