သံလျင်မြို့နယ်ရှိ ကိုယ်ဝန်ဆောင် တစ်ဦး အပါအဝင် အမျိုးသမီး ၂ ဦး တရုတ်နိုင်ငံသို့ လူကုန်ကူးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သံလျင်မြို့နယ်ရှိ ကိုယ်ဝန်ဆောင် တစ်ဦး အပါအဝင် အမျိုးသမီး ၂ ဦး တရုတ်နိုင်ငံသို့ လူကုန်ကူးခံရ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာအုပ်စု၊ မန်ထမ်ကျေးရွာနေ အမျိုးသမီးငယ်တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်နေ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး တို့ကို တရုတ်နိုင်ငံသို့ ယွမ် ၅၀၀၀၀ စီ ဖြင့် ရောင်းစား လူကုန်ကူးခံရမှု ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ၊ ချင်ဆန်ရဲစခန်းမှ ထိန်းသိမ်းကာ မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်း လာသဖြင့် နိုဝင်ဘာလ ၇ ရက်ကလက်ခံဆောင်ရွက် ပေးခဲ့ကြောင်း ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။
.
 
.
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်အမှတ် (၂)တွင် နိုဝင်ဘာ ၆ ရက်၊ မွန်းလွဲ ၁ နာရီက တရုတ်နိုင်ငံ၊ လုံချွမ်ခရိုင်ရဲတပ်ဖွဲ့မှူး Mr,Yan Seng Lon နှင့် တာဝန်ရှိသူများမှ လူကုန်ကူးခံရသူ အမျိုးသမီး ၂ ဦးအား ပြန်လည် လွှဲပြောင်း ပေးအပ်ရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး အောင်လှိုင်နှင့် တာဝန်ရှိသူများက လွှဲပြောင်လက်ခံရရယူခဲ့ကြောင်း သိရှိရသည်။
.
အဆိုပါ လူကုန်ကူးခံရသူ ကွတ်ခိုင်မြို့နေ မရွယ်ဆိုင်း (၂၁)နှစ်နှင့် သံလျင်မြို့နေ မခင်ဖူးငုံ (၂၂)နှစ်၊ ကိုယ်ဝန်ရှိသူတို့မှာ Wechat လူမှုကွန်ရက်မှတဆင့် မမိမော် ဆိုသူနှင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလပိုင်းက ခင်မင်ရင်းနှီးခဲ့ရာမှ တရုတ်နိုင်ငံ၊ အန်ဟွေးပြည်နယ်တွင် အိမ်အကူအလုပ် လုပ်ကိုင်ရန် ပြောဆိုစည်းရုံးခဲ့ရာ ၎င်းတို့မှ ဇူလိုင်လ ၂၀ ရက်တွင်  တရုတ်နိုင်ငံ၊ ၀မ်ထိန်မြို့သို့ သွားရောက်၍ မမိမော်နှင့် တွေ့ဆုံခဲ့ပြီးနောက် မမိမော်နေထိုင်ရာ ကျန်ဖုန်းမြို့ နေအိမ်တွင် ခေတ္တတည်းခိုပြီး အန်းဟွေးပြည်နယ်၊ အမ်းကျင်းမြို့နယ်၊ လော့ဟယ်ကျေးရွာနေ ချုံးသဲ့ယွီနှင့် ချုံးချိန်းဟော့ ဆိုသည့် တရုတ်အမျိုးသား ညီအကို ၂ ဦးထံသို့ တစ်ဦးလျှင် ယွမ်ငွေ ၅၀၀၀၀ စီဖြင့် ရောင်းစားခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသားများမှ ၎င်းတို့ ၂ ဦးအား  ဆေးစစ်ရန် ခေါ်သွားရာမှ မခင်ဖူးငုံမှာ သံလျင်တွင် ကျန်ရစ်သည့် ၄င်း၏ခင်ပွန်းနှင့် ကိုယ်ဝန် ၃ လရရှိခဲ့သည်ကို သိရှိရသဖြင့် ပြန်ချင်ကြောင်းပြောဆိုခဲ့သော်လည်း လက်မခံသည့်အတွက် တရုတ်ရဲတပ်ဖွဲ့ဖုန်းထံ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့ရာ ယင်းနေ့တွင်ပင် တရုတ် နိုင်ငံရဲတပ်ဖွဲ့မှ မမိမော်ကို ဖမ်းဆီးထိန်းသိမ်းပြီး ၎င်းတို့ ၂ ဦးကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ချမ်းဆန်းအချုပ်တွင် ထိန်းသိမ်းထားရှိခဲ့ရာမှ ယခုတွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ လူကုန်ကူးခံရသူ အမျိုးသမီး ၂ ဦးအား နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးရန်နှင့် လူကုန်ကူးမှု ကျူးလွန်သူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ့်မွန်း ကျေးရွာနေ မိမော်(၃၀)နှစိအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း၍ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats