၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန် ငွေကျပ် ၂၆ ဒသမ ၄ ဘီလီယံကို ထမ်းဆောင်ခဲ့သည့် ကမ္ဘောဇဘဏ်လီမိတက်သည် ၀င်ငွေခွန် အများဆုံး ထမ်းဆောင်သော
လုပ်ငန်းရှင်များစာရင်းတွင် ၇ နှစ်ဆက်တိုက် ပထမနေရာတွင် ရပ်တည်နေခဲ့ကြောင်း သိရသည်။
.
အဆိုပါ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်
အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းရှင်များ စာရင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက
နိုဝင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အခွန် ထမ်းဆောင်ကြသည့် လုပ်ငန်းရှင်
၁၀၀၀ ဦးအနက် ငွေကျပ်သန်း ၂၀၀၀၀ အထက် ထမ်းဆောင်သူ စာရင်း၌ ကမ္ဘောဇဘဏ်လီမိတက်မှ ပထမနေရာတွင်
ရပ်တည်နေခြင်း ဖြစ်သည်။
.
ကမ္ဘောဇဘဏ်လီမိတက်သည် ၂၀၁၁-၂၀၁၂ အခွန်စည်းကြပ်နှစ်မှ
စတင်ကာ ယခု ၂၀၁၇-၂၀၁၈ အခွန်စည်းကြပ်နှစ်အထိ ၇ နှစ်ဆက်တိုက် ၀င်ငွေခွန် အများဆုံး ထမ်းဆောင်သည့်
ပထမနေရာတွင် ရပ်တည်ခဲ့ခြင်း ဖြစ်ကာ ယင်းကဲ့သို့ အခွန်ငွေ ပေးဆောင်မှုကြောင့် ၂၀၁၁-၂၀၁၂
မှ ၂၀၁၃-၂၀၁၄ အခွန်စည်းကြပ်နှစ်အထိ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု (နိုင်ငံတော်အတွက်
အခွန်ဘဏ္ဍာ တာဝန်အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သော လုပ်ငန်းရှင်-ပထမဆု)ကို ၃ နှစ်ဆက် ချီးမြှင့်ခြင်းခံခဲ့ရသည့် အပြင် နိုင်ငံတော်သမ္မတ၏
ဂုဏ်ထူးဆောင်ဆုအဖြစ် အထိမ်းအမှတ် ရွှေစင်ရုပ်ထု၊ ရွှေဆွဲပြားနှင့် ဂုဏ်ထူးဆောင်လက်မှတ်တို့ကိုလည်း
သမ္မတဟောင်း ဦးထင်ကျော်က ကမ္ဘောဇဘဏ် နာယက ၀ဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။
.
၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့သော
ကမ္ဘောဇဘဏ်လီမိတက်သည် ပြည်သူ တစ်ရပ်လုံး၏ တစ်ခဲနက် အားပေးမှုနှင့်အတူ ယခုအခါ တစ်နိုင်ငံလုံးတွင်
ဘဏ်ခွဲ စုစုပေါင်း ၅၀၀ ကျော်ဖြင့် နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏
လမ်းညွှန်မှုနှင့်အညီ ပြည်တွင်း၊ ပြည်ပ ဘဏ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ကိုင်
ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံးများကိုလည်း ပြည်ပနိုင်ငံများတွင်
ဖွင့်လှစ်နိုင်ခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်တစ်ခု ဖြစ်သည်။
.
ထို့အပြင် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှလည်း
မြန်မာနိုင်ငံ၏ ကဏ္ဍ အသီးသီးတွင် လူမျိုး ဘာသာ ၊ နေရာဒေသ မရွေးဘဲ နိုင်ငံတော်နှင့် ပြည်သူအတွက်
ကျပ်ငွေ ၁၄၄ ဘီလျံကျော်ကို လှူဒါန်းထားကြောင်း သိရသည်။