မြန်မာ-လာအို နယ်စပ်ဂိတ် ၂ ခု အား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-လာအို နယ်စပ်ဂိတ် ၂ ခု အား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် သတ်မှတ်


ထက်တိုင်းကျော်
.
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ဆက်သွယ်ထားသည့် မဲခေါင်မြစ်ကူး ကျိုင်းလပ်ဂိတ်နှင့် ဝမ်ပုံဂိတ် ၂ ခု အား အပြည်ပြည်ဆိုင်ရာ ဝင်ထွက် ပေါက်ဂိတ်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက နိုဝင်ဘာလ ၅ ရက်တွင် အသင်းဝင်များအား အသိပေး အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
ယင်းအကြောင်းကြားစာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ နယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်အရ ဖွင့်လှစ်ခဲ့သည့် ဝမ်ပုံဂိတ်အား အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက် ဂိတ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတား၊ ကျိုင်းလပ်ဂိတ်အား ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်တွင် တရားဝင် ဖွင့်လှစ်ထားသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အောက်တိုဘာလ ၂ ရက်တွင် အကြောင်းကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။
.

ကျိုင်းလပ်နှင့် ဝမ်ပုံဂိတ်အား မြန်မာ-လာအို ၂ နိုင်ငံအကြား ပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်ထွက် ပေါက်အဖြစ် သတ်မှတ်၍ ၂ နှစ်ငံသားများ သာမက တတိယနိုင်ငံသားများကိုပါ နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့် ဗီဇာတို့ဖြင့် ဝင်ထွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
''မီးခိုးမထွက်တဲ့ စီးပွားရေးလုပ်ငန်းလို့ တင်စားပြောနိုင်တဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် ကမ္ဘာမှာ အာရုံစိုက်ပြီး ဆွဲဆောင် နေကြပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသအတွက် ကောင်းမွန်တဲ့ ရလဒ်ဖြစ်လို့ ကြိုဆိုပါတယ်''ဟု ကျိုင်းတုံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး ဦးစံလင်းက ၄င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းလပ်နှင့် ဝမ်ပုံဂိတ်များမှ မြန်မာ-လာအို ၂ နိုင်ငံ နယ်စပ်အတွင်း သွားလာလိုသည့် ၂ နိုင်ငံသားများကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားလာခွင့်ပြုပေးမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့် ဗီဇာဖြင့် သွားလာလိုသည့် နိုင်ငံခြားသားများအား အဆိုပါ နယ်စပ်ဂိတ်များမှ ဝင်ထွက်ခွင့် ပြုသွားမည်ဖြစ်ကာ မြန်မာနိုင်ငံအတွင်းရှိ မည်သည့် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များမှ ဖြစ်စေ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကျိုင်းလပ်နှင့် ဝမ်ပုံဂိတ်များမှ ခရီးသွားလာခွင့်ပြုသည့် အကြောင်းကြားစာနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ အငှားယာဉ်မောင်းတစ် ဦးဖြစ်သူ ဦးကံက''ခရီးသည်တွေ များလာပြီး လည်ပတ် သွားလာကြရာမှာ ကိုယ့်ဒေသနဲ့ ပြည်တွင်းက မော်တော်ယာဉ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရရုံသာမကဘဲ စားသောက်ဆိုင်၊ ဟိုတယ်၊ အမှတ်တရ ပစ္စည်းနဲ့ ဒေသထွက်ကုန် ရောင်းချတဲ့ လုပ်ငန်းတွေ အဆင်ပြေလာနိုင်ပါတယ်''ဟု ပြောသည်။
.

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် နိုင်ငံတကာခရီးသွားများအတွက် ဝင်ထွက်ခွင့်ပြုသည့် နယ်စပ် ဂိတ်အဖြစ် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်အမှတ်(၁) ချစ်ကြည်ရေး တံတားနှင့် ၂ဝ၁၈ ခုနှစ်အတွင်း အသစ်ဖွင့်လှစ်ခဲ့သည့် မြန်မာ -လာအို မဲခေါင်မြစ်ကူး ကျိုင်းလပ်ချစ်ကြည် ရေးတံတား၊ ဝမ်ပုံရှိ မဲခေါင်မြစ်ကူး ရေယာဉ်ကူးတို့ ဂိတ်များကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats