မိုင်းမော(တြိဂံနယ်မြေ)
.
တပ်မတော်၏
ရပ်တည်ချက်အား ကြိုဆိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့်
ဆန္ဒဖော်ထုတ်ပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ၂ ရက်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
ကျိုင်းတုံမြို့၊
ရပ်ကွက်(၅)ရှိ မြို့မဘောလုံးကွင်း၌ နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုဖွား
တိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာဝရ ခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်းညီညွှတ်စွာဖြင့်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော
ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်အား ကြိုဆိုထောက်ခံပွဲကို
ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထောက်ခံပွဲ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊
နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်း၊ မြို့နယ် စစ်မှုထမ်းဟောင်းရုံး ဥက္ကဌ ဗိုလ်ကြီးချစ်ဝေ(ငြိမ်း)နှင့်
ဒေသခံတိုင်းရင်းသား ဦးစိုင်းဟွမ်နွဲ့တို့က တပ်မတော်၏ ရပ်တည်ချက်အား ကြိုဆိုထောက်ခံခြင်းနှင့်
ပတ်သက်၍ ဟောပြောခဲ့သည်။
.
ထို့နောက်
ထောက်ခံပွဲ တက်ရောက်လာသူများက မြို့မဘောလုံးကွင်း-အထက(၂)-နောင်တုံကန်လမ်းကြောင်းအတိုင်း
ပြည်ထောင်စုကြီးထာဝရ မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊
ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်အား အစဉ်ဝန်းရံရေး ဒို့အရေး၊
ပြည်ထောင်စုပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊ ပြည်ထောင်စုဖွားတိုင်းရင်းသား
၁၃၅ မျိုးအကျိုးကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား အပြည့်အဝ ထောက်ခံသည်နှင့်
တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ တပ်မတော်နှင့်အတူ ရပ်တည်စို့ စသည့် လက်ကိုင်ပိုစတာများ
ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စီးတန်းလှည့်လည် ကြွေးကြော်သံများအား သံပြိုင်ကြွေးကြော်ခဲ့ကြကြောင်း
သိရသည်။
.
ထို့အတူ နိုဝင်ဘာ
၁၅ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)ရှိ ရှမ်း(ရှေ့)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌
တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွတ်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ
ကျင်းပပြုလုပ်ခဲ့ရာ ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာသူများက မြန်မာ့တပ်မတော်ကို အပြည့်အဝ
ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနိုမ့်မှု မှန်သမျှ တို့လုံးဝလက်မခံ၊ မဆီ မဆိုင်နိုင်ငံရေး
စွတ်ဖက်သော Facebook ကို လုံးဝဆန့်ကျင့် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်လက်ရှာဖွေရေးကော်မရှင်၏
မမျှတသော တစ်ဖက်သတ် အစီ ရင်ခံစာ တို့လုံးဝ လက်မခံ၊ ပြည်သူကိုချစ်သော ပြည်သူကချစ်သော
တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်နှင့် APHR၏ အောက်လုံးအစီရင်ခံစာ
အလိုမရှိ၊ အလိုမရှိ စသည့် ဗွီနိုင်းပို့စတာများကို ကိုင်ဆောင်ကာ ရှမ်း(ရှေ့)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံးမှ
ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ မြို့တော်ခန်းမရှေ့သို့ သွားရောက်ကာ မိနစ် ၃ဝ ခန့်
ရပ်တန့်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းလည်း သိရသည်။
.
ယင်းဆန္ဒဖော်ထုတ်ပွဲသို့
ရှမ်း(ရှေ့) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးလုကာ(ငြိမ်း)၊ မြို့နယ်စစ်မှုထမ်းဟောင်း
ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်ကြီးချစ်ဝေ (ငြိမ်း)နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ
စုစုပေါင်း ၃ဝဝဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။