တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲနေ့၌ တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲနေ့၌ တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်ဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲ အခမ်းအနား ပြုလုပ်မည့်နေ့ ဖြစ်သော လာမည့် နိုဝင်ဘာလ ၁၄ ရက်တွင် အမျိုးသားလုံခြုံရေး လူမှုကွန်ယက်ဗဟိုမှ ဦးဆောင်၍ တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲကို ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။
.
" ဟိုတလောက တပ်ချုပ်ကြီး မိန့်ခွန်းထဲမှာ ပြောသွားတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာဝရခွဲ မထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်း ညီညွတ်စွာဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်ရဲ့ ရပ်တည်ချက်များကို ကြိုဆိုထောက်ခံပွဲ ပြုလုပ်မှာ ဖြစ်တယ်။ ၂၀၂၀ မှာလည်း တပ်ချုပ်ကြီးက ငြိမ်းချမ်းရေး ရအောင် လုပ်သွားမယ်လို့လည်း ပြောပါတယ်။ အဲ့တာတွေကို ထောက်ခံပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရက်အနေနဲ့ကတော့ ပထမတော့ ကျွန်တော်တို့က ၁၁ ရက်နေ့ လုပ်မလို့ပါ။ ကျိုင်းတုံနဲ့ အတူတူ ဖြစ်သွားအောင် ၁၄ ရက်ကို ရွေးလိုက်တာပါ။ တန်ဆောင်တိုင် ဖွင့်ပွဲနဲ့ မဆိုင်ပါဘူး။ ထောက်ခံမယ့် လူဦးရေကတော့ အယောက် ၅၀၀၀ ကျော် အထက်မှာပဲ ရှိပါမယ်" ဟု အမျိုးသား လုံခြုံရေး လူမှုကွန်ယက်ဗဟို ဥက္ကဌ ဦးနေဝင်းထွေးက ကမ္ဘောဇတိုင်းသို့  ပြောသည်။
.

အဆိုပါ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာဝရခွဲ မထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်း ညီညွတ်စွာဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲကို နိုင်ဝင်ဘာလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် စစ်မှုထမ်းဟောင်းရုံးရှေ့၌ လူစု၍ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတလျှောက် လမ်းလျှောက်ကာ ရှမ်းပြည်နယ်အားကစားကွင်းတွင် ဟောပြောမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပွဲပြုလုပ်မည့် အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက " အဓိက ပြောရရင် တပ်မတော် ထောက်ခံပွဲ လုပ်တာကို လုံးဝကို လက်မခံဘူး။ ဘာလို့လဲဆိုတော့ တပ်မတော်က ထောက်ခံပွဲတွေ လုပ်ပြီးတော့ ထောက်ခံနေရမယ့် အဖွဲ့အစည်း မဟုတ်ဘူး။ ပြည်သူ့လစာ ယူပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းပဲ ဖြစ်တယ်။ ထောက်ခံတာ မထောက်ခံတာက သူ့အတွက် ဘာပြဿနာမှ မရှိဘူး။ ပြီးတော့ ပွဲတော်ဖွင့်ရက်ကြီးမှာ လုပ်တာကတော့ လုံးဝ အဓိပ္ပာယ် မရှိဘူး။ လုပ်ဖို့ ခွင့်ပြုပေးတဲ့ သူတွေအနေနဲ့လည်း ခွင့်ပြုချက် မပေးသင့်ပါဘူး" ဟု ပြောဆိုခဲ့သည်။
.
ထို့အတူ တောင်ကြီးမြို့နေ ဒေသခံတစ်ဦးမှလည်း " နိုင်ငံရေးအရ ထောက်ခံတာတွေ၊ ကန့်ကွက်တာတွေ လုပ်တာ ဘာမှ မပြောလိုပါဘူး။ ဒီမိုကရေစီ စနစ်အရ ကိုယ်ကြိုက်တာ၊ နှစ်သက်တာကို ထောက်ခံကြတာ၊ ကန့်ကွက်ကြတာပဲ။ ဒါပေမဲ့ ရိုးရာပွဲနဲ့ တိုက်နေတယ်။ ရိုးရာပွဲဆိုတာ တောင်ကြီး တစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးနဲ့ကို သက်ဆိုင်တာပါ။ အဲဒီနေ့မှာ မီဒီယာပေါင်းစုံ လာမယ်၊ နိုင်ငံခြားသား ဧည့်သည်တွေ ရှိနေမယ်။ ပွဲတော်ကို အသုံးချပြီးတော့ အမြတ်ထုတ်တဲ့ သဘောမျိုး ဖြစ်မှာကို မလိုလားပါဘူး၊ အချိန်မီ ပါသေးတယ်၊ ရက် ပြောင်းလိုက်ရင် ပို အဆင်ပြေမှာပါ။ တောင်ကြီးတန်ဆောင်တိုင်ရဲ့ ပုံရိပ်ကို လုံးဝ အထိအခိုက်ခံလို့ မဖြစ်ပါဘူး။ " ဟု ပြောဆိုခဲ့သည်။
.

အဆိုပါ တပ်မတော်၏ ရပ်တည်ချက်များအား ထောက်ခံကြိုဆိုပွဲကို တောင်ကြီးမြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်လည်း နိုင်ဝင်ဘာလ ၁၄ ရက်၌ပင် ပြုလုပ်သွားမည်ဖြစ်ကာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်ထိ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats