မင်းဇော်မင်း
.
မြန်မာနိုင်ငံ နေရာဒေသ
အနှံ့အပြားတွင် ခရမ်းချဉ်သီးစိုက်ပျိုးမှု များပြားလာသောကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း၊
အင်းလေးကန်ထွက် ကျွန်းမျှောခရမ်းချဉ်သီးများနှင့် ပင်းတယ၊ အောင်ပန်း ဒေသထွက် ကုန်းသီး
ခေါ် ခရမ်းချဉ်သီးဈေးကွက်များ တဖြည်းဖြည်း ကျဉ်းမြောင်းလာနေသည် ဟု အောင်ပန်းမြို့ရှိ
ခရမ်းချဉ်သီး ကုန်စည်ဒိုင်များထံမှ သိရသည်။
.
''အင်းသီးက အစောထွက်တဲ့ အချိန်လေးမှာ ဈေးကောင်းရမယ်ဆို ရုံ
ရှိသေးတယ်။ ကုန်းသီးတွေက အလျှံအပယ် ထွက်လာတော့ အင်းသီးတွေ ဈေးကျသွားတယ်။ ဒီလိုပဲ ပြည်မဘက်ကလည်း
ခရမ်းချဉ်သီး တအားစိုက်လာတော့ ရှမ်းသီးတွေ အရင်ကလို မပို့ရတော့ဘူး။ လွန်ခဲ့တဲ့ ၉ လပိုင်းက
တစ်ပိဿာကို ကျပ် ၅ဝဝ ကနေ ၃၅ဝ လောက်ပဲ ရှိတော့တယ်။ ဈေးအတက်အကျ ကြမ်းတယ်။ မနှစ် ကလည်း
အစပိုင်းသာ ဈေးရပေမယ့် နောက်ပိုင်း ပျက်တယ်။ ဒီနှစ်ကိုတော့ ဈေးကောင်းမရတဲ့နှစ်လို့
ဆိုရမယ်။ အဝယ်လည်း သိပ်မလိုက်ဘူး''ဟု အောင်ပန်းမြို့၊ ကုန်စည်ဒိုင်တွဲဘက် အတွင်းရေးမှူးဖြစ်သူ
ရွှေကမ္ဘာပွဲရုံ ပိုင်ရှင် ဦးမျိုးဝင်းက ပြောသည်။
.
ရှမ်းပြည်နယ်ထွက်
ခရမ်းချဉ်သီးများအနက် အင်းလေးဒေသထွက်ကို ရေသီး၊ အောင်ပန်း၊ ပင်းတယထွက်ကို ကုန်းသီးဟု
ခွဲခြားခေါ်ဝေါ်ကြသော် လည်း ပြည်မဈေးကွက်သို့ ပို့ဆောင် ရာတွင်မူ ရှမ်းပြည်နယ်ထွက်သီးဖြစ်
၍ ရှမ်းသီးဟု ခေါ်ဆိုကြောင်း၊ မကွေး၊ မင်းဘူး၊ မုံရွာ၊ ဖားကန့်၊ပြည်၊ နတ် မောက်၊ ပုပ္ပါး၊
ကျောက်ပန်းတောင်း မြို့များသို့ ပို့ဆောင်ရခြင်းများ ရှိ သော်လည်း ပြည်မဒေသတွင် ခရမ်း
ချဉ်သီး စိုက်ပျိုးမှုများ ပြားလာခြင်း ကြောင့် ပို့ဆောင်ရမှု နည်းပါးလာကြောင်း သိရသည်။
.
ပြည်မဒေသထွက် ခရမ်းချဉ်သီး
များမှာ အပင်တွင်ပင် အမှည့်ခံခြင်း ဖြစ်သဖြင့် အထားမခံဘဲ၊ ရှမ်းသီးများ မှာမူ စင်ဖြင့်
အစိမ်းမှ ရင့်မှည့်ရန် ခူး ဆွတ်ထားလေ့ ရှိသောကြောင့် အ နည်းဆုံး တစ်လခန့် အထားခံသဖြင့်
လူကြိုက်များကြောင်း၊ သို့သော် အရသာ ကွာဟမှုကြောင့် အညာသီးများမှာ ဈေးနှုန်းမြင့်မားပြီး
ရှမ်းသီးတစ်ပိဿာ ၄ဝဝ ကျပ်ခန့် ပေါက်ဈေးရှိ နေချိန်တွင် အညာသီး တစ်ပိဿာ လျှင် ကျပ်
၁ဝဝဝ ခန့် ဝန်းကျင် ရှိကြောင်း သိရသည်။
.
ခရမ်းချဉ်သီး ပိဿာ
၁ဝဝ လျှင် အပုပ်အနာအဆာ ၁ဝ ပိဿာခန့် ထွက်ရှိတတ်ပြီး ရွေးခ၊ စရိတ်များအ တွက်၊ တောင်သူများထံမှ
ဝယ်ဈေး ထက် တစ်ပိဿာအပေါ်တွင် ကျပ် ၁ဝဝ ခန့်သာတင်ရသော်လည်း ဈေး အတက်အကျ မြန်ဆန်သဖြင့်
အရှုံး မပေါ်ရန် အထူးသတိပြုရကြောင်း ဦး မျိုးဝင်းက
ဆက်လက်ပြောကြားခဲ့ သည်။
.
''ရာသီဥတုက ဖျက်၊
ခရမ်းချဉ်သီးဈေးက တည်ငြိမ်မှု မရှိတော့ တောင်သူတွေ အရှုံးပေါ်ကြတယ်။ သွင်းအားစုတွေကလည်း
ဈေးတက်တော့ ပိုဆိုးတယ်။ အဓိကတော့ အောင်ပန်းက ပွဲရုံတွေကို သွင်းကြပါတယ်''ဟု အင်းလေးဒေသ၊
အင်း တိန်ရွာမှ ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦးက ဆိုသည်။
.
အင်းလေးကန် အခြေပြု
အင်း ခရမ်းချဉ်သီးခေါ် ရေသီးများမှာ ဇန်နဝါရီလပိုင်းမှ စတင်ကာ ကုန်းသီးခေါ် ပင်းတယ၊ အောင်ပန်းသီးများ
မထွက်မီကာလအထိ ဈေးကောင်းရရှိပြီး အထွက်နှုန်းကို မယှဉ်နိုင်သည် သာမက ဈေးနှုန်းလည်း
မလိုက်နိုင်သဖြင့် အင်းသီးများ နောက်ဆုတ်ရကြောင်း၊ ယခုနှစ်တွင်မူ အင်းသီး၊ ကုန်းသီးနှစ်မျိုးလုံးဖြစ်သည့်
ရှမ်းသီးများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အမြင့်ဆုံး ကျပ် ၆ဝဝ အထိ ရရှိခဲ့သော်လည်း
ယခုအခါ ၄၅ဝ ကျပ်ခန့်သာ ရှိတော့သဖြင့် ပွဲရုံများ အနေဖြင့် အလုပ်သမားခ၊ သယ်ယူစရိတ်၊
သေတ္တာအခွံခများ ကုန်ကျစရိတ်ကြောင့် အရှုံးပေါ်နေကြောင်း အင်းလေးနှင့် အောင်ပန်းပွဲရုံများမှ
ပြောကြားကြသည်။
.
ကျွန်းမျောများဖြင့်
စိုက်ပျိုးသည့် အင်းလေးဒေသထွက် ခရမ်းချဉ်သီးမှာ တစ်နှစ်လျှင် ပိဿာ ၆ သောင်း ကျော်အထိ
ထွက်ရှိပြီး ပင်းတယ၊ အောင်ပန်းထွက် ခရမ်းချဉ်သီးများမှာလည်း အနည်းဆုံး ပိဿာ ၆ သောင်းမှ
တစ်သိန်းကျော်ခန့်အထိ ထွက်ရှိကြောင်း သိရသည်။