မြန်မာနိုင်ငံ၏
အထင်ကရပွဲတော်တစ်ခု ဖြစ်သော ၂၀၁၈ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ယနေ့
နိုဝင်ဘာလ ၁၄ ရက်၊ ညဦးပိုင်းတွင် ပြုလုပ်ခဲ့ရာ ဧည့်ပရိသတ် စုစုပေါင်း တစ်သိန်းခန့်
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
ဖွင့်ပွဲအခမ်းအနားတွင်
တိုင်းရင်းသားရိုးရာ သီးချင်းများ ဖွင့်လှစ်၍ ဧည့်ခံခြင်း၊ ကိန္နရီ ကိန္နရာအက၊ ဓါးသိုင်းအက၊
LED ဒေါင်းရုပ်အကတို့ဖြင့် ကပြဖျော်ဖြေခြင်း၊ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက
တန်ဆောင်တိုင်သီချင်းဖြင့် ကပြဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး
ဦးစီးကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှုရေး ၀န်ကြီး ဒေါက်တာ မျိုးထွန်းနှင့် ပြည်နယ် သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဒေါက်တာ ညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးစိုင်းစွံဆိုင်းတို့က ပွဲတော်ကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာ လင်းထွဋ်မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
.
ထို့နောက် မီးရှူး
မီးပန်းများ ပစ်ဖောက်ကာ စိန်နားပန် မီးပုံးပျံ အကြီး ၂ လုံးနှင့် မီးပုံးပျံငယ် ၂၅၀၀
ကို လွှတ်တင်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့တော်
တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်ထိ ၁၀ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်
ဖြစ်ပြီး ပွဲတော်ကာလတွင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်
ပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲနှင့် ဓါတ်ပုံပြိုင်ပွဲ၊
တေးသီချင်းပြိုင်ပွဲ၊ စာပေဆိုင်ရာပြိုင်ပွဲများကို ပြုလုပ်သွားမည် ဖြစ်ကာ မီးပုံးပျံလွှတ်တင်
ပူဇော်ပွဲ၌ ညမီးကြီး ၈၁ လုံး၊ စိန်နားပန် ၄၂ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၅၉
လုံး၊ နေ့လွှတ်အရုပ် ခြေလေးချောင်း ၉၀ လုံး၊ နေ့လွှတ်အရုပ် အုပ်စု ၄၂ လုံး၊ စုစုပေါင်း
မီးပုံးပျံ ၄၁၄ လုံးကို လွှတ်တင် ပူဇော်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ပွဲတော်ပိတ်ပွဲ အခမ်းအနားနှင့်
ဆုပေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်၊ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရသည်။