ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သီရိမင်္ဂလာရွှေချမ်းသာ
မွေတော်ဘု ရားကြီး ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော် နှင့် တန်ဆောင်တိုင် ပွဲတော်ကို ယခုနှစ်၊
၂ဝ၁၈ ခု၊ နိုဝင်ဘာလ ၂၆ ရက်မှ ၃ဝ ရက်အထိ အဆိုပါ ဘုရား ကြီးရှေ့ ကွင်းပြင်တွင် စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
''ဟိုပုံးတန်ဆောင်တိုင်ပွဲတော်
ကတော့ နိုဝင်ဘာလ ၂၆ ရက်ကနေ နိုဝင်ဘာလ ၃ဝ ရက်အထိ၊ တန် ဆောင်မုန်းလဆုတ် ၄ ရက်ကနေ ၈ ရက်နေ့အထိ
ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား အစီအစဉ် အနေနဲ့ကတော့ မရှိသေးပါဘူး။
မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ ဘုံကထိန်လှည့်လည်ပူဇော်ပွဲ၊ အကပဒေသာတွေ မီးပုံးပျံ ပြိုင်ပွဲတွေ
ခါတိုင်းနှစ်လိုပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဘုံကထိန်ကတော့ နိုဝင်ဘာ ၂၁ ရက်နေ့၊ တန်ဆောင်မုန်း
လပြည့်အဖိတ်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကထိန်တရားနာကတော့ လပြည့်နေ့၊ နိုဝင်ဘာလ ၂၂
ရက် ဖြစ်ပါတယ်''ဟု ပွဲတော်ကျင်းပရေး ကော်မတီဝင် ဟိုပုံးမြို့၊ သီရိမင်္ဂလာ ရွှေချမ်းသာ
ဘုရားကြီး၊ ဂေါပကအဖွဲ့ဝင် ဦးကျော်ရှိန်က ပြောကြားခဲ့သည်။
.
အဆိုပါ ဟိုပုံးတန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲကို ယခင်နှစ်များကဲ့သို့ ဟိုပုံးဈေး အောက်ဘက်ရှိ
ကျွဲ၊ နွားဈေးကွင်းပြင်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင်ယခုနှစ်
ဟိုပုံးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့များအား
ထိုက်တန်သော ဆုကြေး ရရှိစေရေးအတွက် ဆုကြေးငွေများကို တိုးမြှင့်ပေးသွားရန် စီစဉ်ထားကြောင်း
သိရသည်။
.
''ဆုကြေးကတော့ အပြည့်အဝ
မဟုတ်ရင်တောင်မှ သူတို့လုပ်ထား တဲ့ ကုန်ကျစရိတ်တွေအတွက် ထိုက်ထိုက်တန်တန် ဖြစ်သွားအောင်
တိုးပေးထားဖို့ စီစဉ်ပေးထားပါတယ်။ မီးပုံးပျံ ပြိုင်ပွဲဝင် အဖွဲ့တွေနဲ့လည်း အစည်းအဝေးလုပ်ဖို့
ရှိပါတယ်။ အများနဲ့ လုပ်တဲ့ပွဲဆိုတော့ အများဆန္ဒအတိုင်း ဖြစ်ရအောင် ညှိနှိုင်းတိုင်ပင်
သွားမှာပါ''ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
.
ထို့အပြင် ယခုနှစ်တွင်
ဒေသခံ အဆိုဝါသနာရှင် တိုင်းရင်းသား လူငယ်မောင်မယ်များ၏ အဆို၊ အက၊ ယှဉ်ပြိုင်ပွဲများကိုလည်း
ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာ
မွေတော်ဘုရားကြီး ဆီမီးပူဇော်ပွဲနှင့် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်က ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင်
ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး
အဖွဲ့ဥက္ကဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ
တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ဟိုပုံးမြို့သည်
တောင်ကြီးမြို့နှင့် အနီးဆုံးတွင် တည်ရှိပြီး တောင်ကြီး တန်ဆောင်တိုင်ပွဲတော် စတင်ကျင်းပခဲ့သည့်
အချိန်ကာလမှ စတင်၍ ဟိုပုံးတန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် မပြတ် ကျင်းပခဲ့ခြင်းဖြစ်ရာ
နှစ်ပေါင်း ကြာမြင့်စွာ ကျင်းပလာသည့်ပွဲတော် တစ်ခုဖြစ်ကြောင်း သိရသည်။
.
''အရင် ရှေးအစဉ်အလာ
ကတည်းက ကျင်းပလာတဲ့ ပွဲဖြစ်ပါ တယ်။ ဘယ်နှကြိမ်မြောက် ဆိုတာတော့ မရှိပါဘူး။ ဘုံကထိန်လည်း
ဒီလိုပါပဲ။ နှစ်ပေါင်းကြာပါပြီ။ ဒီနှစ်မှာတော့ မြို့ဦးကျောင်းမှာ ကထိန်ခင်းဖို့ အလှည့်ကျပါတယ်''ဟု
ဦးကျော် ရှိန်မှ ဆက်လက်ပြောကြားခဲ့သည်။
.
ယခုနှစ် ဟိုပုံးမြို့
တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း လောင်းကစားလုပ်ငန်းများကို လုံးဝခွင့်ပြု သွားမည် မဟုတ်ဘဲ
လောင်းကစားမှုများကို တွေ့ရှိပါက သတင်းပေးပို့ကြရန်နှင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက်
ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဟိုပုံး တန်ဆောင်တိုင်ပွဲတော်
ကာလအတွင်း လောင်းကစားဆန်သော ပျော်ပွဲ ရွှင်ပွဲအချို့ကို ပွဲတော်ဈေးခင်းအတွင်း တွေ့ရှိခဲ့ရကာ
ပွဲတော်တာဝန်ရှိသူများမှ ယင်းလောင်းကစားဝိုင်းများအား တွေ့ရှိခြင်း မရှိဟု ပြောဆိုခဲ့မှုအပေါ်
ဝေဖန်မှုများလည်း ရှိခဲ့သည်။