ဟဲဟိုးတွင် တောင်သူ တစ်ဦး မြွေပွေးကိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟဲဟိုးတွင် တောင်သူ တစ်ဦး မြွေပွေးကိုက်ခံရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အရှေ့ပဲယင်းတောင်ကျေးရွာမှ တောင်သူတစ်ဦးသည်  နိုဝင်ဘာလ ၃ ရက်၊ နေ့လယ်ပိုင်းက မြွေပွေးကိုက်ခံရသဖြင့် အောင်ပန်းဆေးရုံတွင် ကနဦး ကုသမှု ခံယူပြီးနောက် ဆေးကုသမှု ဆက်လက် ခံယူရန်အတွက် တောင်ကြီး စ၀်စံထွန်းဆေးရုံသို့ လွှဲပြောင်းပေးလိုက်ကြောင်း အောင်ပန်းဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ ဆုမွန်ကြည်၏ ပြောကြားချက်အရ သိရသည်။
.
" ရောက်ရောက်ခြင်း မြွေလည်း ပါလာလို့ မြွေဆိပ်ဖြေဆေး ၂ လုံး ထိုးပေးပြီး နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်မှုတွေ ကုသပေးနိုင်အောင် တောင်ကြီးကို လွှဲပြောင်း ကုသစေပါတယ်။ သတိပေးလိုတာက ဒီနယ်မြေမှာ မကြာခင်က အမျိုးသမီး တစ်ဦး မြွေပွေးပဲ အကိုက်ခံရလို့  ခုလိုပဲ ကုသပေးခဲ့ရပါတယ်။ အရင်က မရှိဘူးလို့ သိရတော့ မြွေအန္တရာယ်ကို အများပြည်သူ
သတိပြုဖို့ လိုလာပါပြီ" ဟု ဒေါက်တာ ဆုမွန်ကြည်က ဆိုသည်။
.


ဟဲဟိုးမြို့၊ အရှေ့ပဲယင်းတောင်ကျေးရွာနေ တောင်သူ ဦးသိန်းအောင်၊ ၄၁ နှစ်သည် နိုဝင်ဘာလ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် တောင်ယာ လုပ်ကိုင်နေစဉ် ခြေထောက်အား မြွေပွေး အကိုက်ခံရသဖြင့် အောင်ပန်း နာရေးကူညီမှုအသင်းမှ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးပြီး ယင်းမှတဆင့် တောင်ကြီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း အောင်ပန်း နာရေးကူညီမှုအသင်း တာဝန်ခံ ဦးစိုးနိုင်က ပြောကြားသည်။
.
" မြွေပွေးကိုပါ တစ်ပါတည်း ယူသွားပြီး တောင်ကြီးဆေးရုံကို မွန်းလွဲ ၂ နာရီလောက်မှာပို့ပေးခဲ့တာပါ" ဟု ဦးစိုးနိုင်က ဆိုသည်။
.

သဘာဝမြေသြဇာအနေဖြင့် နွားချေးကို အညာဒေသဘက်မှ ရှမ်းပြည်ဘက်သို့ သယ်ယူရာ၌ ဥများပါလာသည်ဟု ဒေသခံများက ပြောဆိုခဲ့သဖြင့် ယခုအခါ ရှမ်းပြည်နယ်တွင်လည်း မြွေအန္တရာယ် ရှိလာပြီ ဖြစ်၍ လုပ်ငန်းခွင်အတွင်း လည်ရှည်သားရည် ဖိနပ်များ၊ လက်အိတ်များ ၀တ်ဆင်ရန် လိုအပ်လာမည်ဖြစ်ပြီး၊ အကယ်၍ မြွေကိုက်ခံရပါကလည်း ကနဦး ရှေးဦးသူနာပြုစုနည်းဖြင့် ဓါးဖြင့် မခွဲဘဲ ဒဏ်ရာ အထက်တွင် ကြိုးဖြင့် စည်းကာ လူနာကို လှုပ်ရှားမှု အနည်းဆုံးဖြင့် အမြန်ဆုံး ဆေးရုံသို့ ပို့ဆောင်းပေးရန် လိုအပ်ကြောင်းနှင့် ကိုက်သည့် မြွေကိုပါ တစ်ပါတည်း ယူဆောင်လာနိုင်ပါက ကုသရာတွင် ပိုမိုလွယ်ကူစေမည် ဖြစ်ကြောင်းအား ဒေါက်တာဆုမွန်ကြည်က ရှင်းပြပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းတွင်လည်း ဟဲဟိုးမြို့တွင် အမျိုးသမီး တစ်ဦး မြွေပွေးကိုက်ခံရသဖြင့် ယခုအကြိမ်သည် ဒုတိယ အကြိမ်မြောက် မြွေပွေး အကိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats