အောင်ဆန်းဝင်း
မြူနှင်းခတဲ့လတန်ဆောင်တိုင်၊
နှင်းမှုန်ကျ တဲ့ လတန်ဆောင်တိုင် ချိန်ခါရာသီက တစ်ကျော့ပြန် ရောက်လာခဲ့ပြန်ပြီ။ ဝန်းကျင်တစ်ခု
လုံး ဘယ်နေရာ ဘယ်အရပ်ကြည့်ကြည့် အုံ့ ဆိုင်းဆိုင်း မှိုင်းညို့ညို့၊ ဟေမာန်ဆောင်းကြောင့်
အနွေးဓာတ်ကို မနည်းလုနေရတဲ့အချိန် ညင်း သွဲ့သွဲ့လေပြေက တစ်ချက်တစ်ချက် အအေး ဓာတ်ကို
အဖော်ပြု ဖေးကူလာလိုက်သေးတယ်။ အရှေ့ဘက်တောင်စဉ်တစ်လျှောက် ပန်းသွေး ရောင် ပွင့်ဖတ်နဲ့
ချယ်ရီတွေဝေရင်အေးစက်စက် ဆောင်းရောက်ကြောင်း ဘာနဲ့မှ သက်သေထူ စရာမလိုဘူး။ ရောင်နီမလာခင်ဆို
စိမ်းမြမြမြက် ခင်းပေါ် နှင်းရည်စက်ငယ်တို့က မြေကမ္ဗလာ ထက် စိန်ပွင့်တွေ ကြဲထားသလို ဟိုတစ်ခု၊
ဒီ တစ်စုသီးနေလေရဲ့။ ဒါဟာ ဆောင်းကမွေးဖွား လိုက်တဲ့ သင်္ကေတတစ်ခု။
.
နေထန်းတစ်ဖျားလောက်ရောက်ရင်
သူတို့ လေးတွေက လောကကြီးနဲ့ မသက်ဆိုင်တော့ သလို အလျှိုလျှိုဝေးရာကို ထွက်သွားကြတယ်။
ဒါပေမဲ့ ခဏတာရယ်ပါ။ သူရိန်ကဂေါယာကျွန်း ပြန်တာနဲ့ အုံကျင်းဖွဲ့လို့ သူတို့တွေ ရောက်လာ
ကြတယ်။ နှင်းရိုက်တဲ့ဒဏ်ကာဖို့ လုံခြုံရာအ ကိုင်းအခက် ရွေးနေတဲ့ အိမ်တန်းပြန်ငှက်တ
ချို့ တွတ်ထိုးသံက အလွမ်းဓာတ်ခံရှိသူတွေအ တွက်
ငိုချင်ရက်လက်တို့တယ် ပြောရမလား။ ထားတော့။ နှင်းမှုန်အကြောင်းပြောရင် စာစီလို့ ကုန်နိုင်မယ်
မထင်ဘူး။ ဒါပေမဲ့ ဒီလိုနှင်းစက် နှင်းမှုန်တွေက ဖြောက်ဖြောက်ကျတဲ့ အချိန်ကာ လတစ်ခုကိုတော့
အခုလိုချိန်ခါ ရာသီရောက် တိုင်း၊ သတိတရ ရှိနေမိတယ်။ ဒီလိုအချိန်ကာ လ၊ တန်ဆောင်တိုင်
မီးပုံးပျံပွဲတော်ကြီး ကျင်း ပဖို့ ရက်ပိုင်းလောက်သာ လိုတော့တဲ့ အချိန် ကာလပေါ့။ တစ်ခါတစ်ခါ
မထင်မှတ်တာတွေ က မှတ်မှတ်ထင်ထင် ဖြစ်နေတတ်တယ်။
.
အဖြစ်အပျက်က
ကြာခဲ့ပြီ ဆိုပေမယ့်လက် တွေ့ ကြုံရတဲ့လူတွေအတွက် မနေ့တစ်နေ့က လိုပါ။ နှင်းမှုန်တွေ
လှိုင်လှိုင်ကျကာနီးဆဲဆဲ၊ အရိုးကွဲမတတ် အေးကာနီးဆဲဆဲ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရဲ့
အထင်ကရပွဲတော်ကြီးတစ်ခု ဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကြီး ခြိမ့် ခြိမ့်သဲ
ကျင်းပကာနီးနဲ့ ပြိုင်ပွဲဝင် မီးပုံးပျံတွေပွဲ တော်အမီ လွှတ်တင်နိုင်ရေးအတွက် ကြိုးစား
လုံးပမ်းနေတဲ့အချိန်တစ်ခု၊ တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်တဲ့ တန်ဆောင်ပွဲတော်က မြန်မာ
နိုင်ငံမှာ ပြုလုပ်နေတဲ့ တန်ဆောင်တိုင်ပွဲတော် တွေနဲ့ မတူပါဘူး။ ကွဲပြားခြားနားချက်က
မီးပုံး ပျံပြိုင်ပွဲကြီး ပါဝင်နေလို့ပါ။ မှတ်တမ်းများအရ မီးပုံးပျံ လွှတ်တင်ခြင်း အလေ့အထကို
လွန်ခဲ့ တဲ့နှစ်ပေါင်း ၇ဝ ကျော်လောက်က အစပြုတယ် လို့ သိရှိရပါတယ်။ စတင်လွှတ်တင်ချိန်က
အ ခုလို မီးရှူးမီးပန်း မီးရောင်စုံတွေ ပါဝင်ခြင်း မ ရှိသေးပါဘူး။
.
တောင်ကြီးမြို့မှာ
ပြုလုပ်တဲ့ တန်ဆောင် တိုင် မီးပုံးပျံပြိုင်ပွဲက ပြည်တွင်းခရီးသွားများ အပြင် နိုင်ငံခြားသား
ကမ္ဘာလှည့်ခရီးသည်များ ပါ အထူးစိတ်ဝင်စားတဲ့ ပွဲတော်တစ်ခုပါ။ နှစ် စဉ်နှစ်တိုင်း ကြက်ပျံမကျ
စည်ကားတဲ့ရိုးရာပွဲ တော်လို့ ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။ ဧည့်ပ ရိသတ်တွေ စိတ်ဝင်စားမှုများတဲ့
မီးပုံးပျံပြိုင်ပွဲ ကြီး တစ်ခုဖြစ်မြောက်ဖို့က မလွယ်ကူလှပါဘူး။ မီးပုံးပျံတွေ စတင်ပြုလုပ်တဲ့
အချိန်ကနေပြိုင်ပွဲ မှာ အောင်မြင်အောင် လွှတ်တင်နိုင်ဖို့က ကြမ်း တမ်းတဲ့ ခယောင်းလမ်းမကြီးတစ်ခုလိုပါ။
နေ့ လွှတ်အရုပ်နဲ့ စိန်နားပန်မီးပုံးပျံ ပြုလုပ်တဲ့အချိန် အန္တရာယ်နည်းပါးလှပေမယ့် ညမီးကြီးမီးကျည်
မီးပုံးပျံ ပြုလုပ်ရတာ အတော်ကြီးကို အန္တရာယ် များပါတယ်။ အဓိကကတော့ မီးရှူးမီးပန်း၊
မီး လင်းမြွေ၊ ရောင်စုံယမ်းထုပ်တွေ ပြုလုပ်တဲ့အ ချိန်ပါ လွဲမှားမှု တစ်ခုဖြစ်တာနဲ့ ပေးဆပ်လိုက်
ရတဲ့ တန်ဖိုးတွေက ကြီးမားလွန်းပါတယ်။
.
ကျန်ခဲ့တဲ့နှစ်
အပိုင်းအခြားတစ်ခုက ကျွန် တော်တို့ ရပ်ကွက်မီးပုံးပျံ ပြိုင်ပွဲဝင်ခဲ့ဖူးပါတယ်။ပြိုင်ပွဲဝင်
မီးနာမည်က ချမ်းသာရပ်ကွက်၊ ရှေ့ သို့လူငယ်မီးပါ။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ဆ ရာ ဒေါက်တာကျော်လွင်ထူးနဲ့
ယမ်းဆရာ ဦး မောင်တို့ နှစ်ယောက်က ဦးဆောင်ပြုလုပ်ကြ တာ ဖြစ်ပါတယ်။ ရပ်ကွက်လူငယ် အင်အားစု
ကတော့ မပါမဖြစ်၊ ပါလေရာ ငပိချက်လေးတွေ ပေါ့။ အားလုံးထဲမှာ နေ့စဉ်မပျက်နေ့နေ့ညည ပင်တိုင်လုပ်တာက
ကိုအယ်ဦးပါ။ သူကကာလ သားခေါင်းဆောင်လို ဖြစ်တာရယ်၊ အိမ်ထောင် မရှိ တစ်ကိုယ်တည်း လူပျိုကြီး
ဖြစ်တဲ့အတွက် မီးပုံးပျံလုပ်တဲ့ ရပ်ကွက်စာကြည့်ကို သူ့အိမ်လို သဘောထားနေလိုက်တာပါ။
ပြိုင်ပွဲလည်းပြီး ရော ကိုအယ်ဦးနဲ့ စာကြည့်တိုက်စောင့် နတ် (နတ်သမီးဖြစ်ခဲ့တယ် ဆိုရင်ပေါ့)
ညားသွားဦး မယ်လို့ တောင် အရပ်ထဲက စကြ နောက်ကြ တဲ့ အထိပါ။
.
မီးပုံးပျံကိုယ်ထည်လုပ်တဲ့
အချိန်ကတော့ ရပ်ကွက်ထဲက လူငယ်အင်အားစုတွေ စာကြည့် တိုက်အပြည့် တရုန်းရုန်းဆိုရမှာပေါ့။
ရှမ်းစက္ကူ ဖြတ်တဲ့ လူက ဖြတ်၊ ကော်သုတ်တဲ့လူကသုတ်၊ ကိုယ်ထည်ဆက်တဲ့လူက ဆက်၊ မီးပုံးပျံပေါ်
ကိုယ်ထည်ပေါ်ကို သရုပ်ဖော်ပုံ ရေးဆွဲတဲ့လူက ရေး။ တချို့က မီးစာပတ်ဖို့ လုပ်ကြ။ (မူးတဲ့လူ
ကလည်း မူးပေါ့လေ)။ တတ်သလောက်မှတ်သ လောက် နိုင်ရာတာဝန်ပိုင်း လုပ်ကြတဲ့အတွက် အတော့်ကို
ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အ ချိန်တစ်ခုပါ။ မီးပုံးပျံကိုယ်ထည်တစ်ခုလုံး ပြိုင် ပွဲဝင်
လွှတ်တင်ဖို့ စိတ်ချရပြီ ဆိုတာနဲ့ အရေး ကြီးတဲ့အပိုင်းကို ရောက်လာပါတယ်။ ညမီးကြီး မီးကျည်အမျိုးအစား
ဖြစ်တာကြောင့် မီးရှူးမီး ပန်း၊ ခိုပျံနဲ့ ရောင်စုံယမ်းထုပ်တွေ လုပ်ဖို့အ တွက် ယမ်းစပ်ရတဲ့အပိုင်းပါ။
မီးပုံးပျံကိုယ်ထည် လုပ်တဲ့အချိန်ကို ဘယ်အရာကိုမှ စိတ်ချလက် ချ လုပ်ကိုင်လို့ မရတော့ပါဘူး။
.
ယမ်းစပ်တဲ့
အပိုင်းရောက်ရင် လူအများ ကြီးမလိုတော့ပါဘူး။ ကျွမ်းကျင်တဲ့ ယမ်းဆရာ ဦးဆောင်မှုနဲ့ အမှန်တကယ်
တတ်သိနားလည် တဲ့လူလေးငါးယောက်သာ လုပ်ကိုင်ကြတာများ ပါတယ်။ အကြောင်းရင်းကတော့ မထင်မှတ်တဲ့
အချိန် မမျှော်လင့်တဲ့ အန္တရာယ်တွေ ဖြစ်တတ် လို့ပါ။ မီးပုံးပျံအချိန်ကာလရောက်တိုင်းလည်း
ယမ်းလောင်၊ ယမ်းကွဲတဲ့ သတင်းတွေက နှစ် စဉ်လိုကြားရတတ်ပါတယ်။ မတော်တဆမှုဆို တာ အချိန်အခါမရွေး
ဖြစ်တတ်လို့ ယမ်းစပ်တဲ့ အပိုင်းရောက်ရင် လုပ်ကိုင်တဲ့ ယမ်းဆရာတိုင်း ပေါ့ပေါ့ဆဆ လုပ်ကိုင်လို့
မရပါဘူး။ သတိကြီး ကြီး လုပ်ကိုင်နေတဲ့ကြားကတောင် ပြိုင်ပွဲမတိုင် ခင် ယမ်းလောင်၊ ယမ်းကွဲမှုကြောင့်
အသက် ပေးဆပ်လိုက်ရတဲ့ ရိုးရာပညာရှင်တွေ အများ အပြား ရှိခဲ့ဖူးပါတယ်။ အဲဒီလို ဝမ်းနည်းမှုများ
စွာထဲကို ရှေ့သို့လူငယ်မီးဆရာ ကိုအယ်ဦးတစ် ယောက် စာရင်းပေါက်ခဲ့တာ ကြေကွဲစရာတစ်ခု
ပါ။
.
ပြိုင်ပွဲဝင်
မီးပုံးပျံ တစ်လုံးလွှတ်တင်ဖို့အ တွက် အားလုံးနီးပါး ပြီးသလောက်ဖြစ်နေတဲ့ တစ်နေ့၊ နေ့စဉ်ရက်ဆက်
လုပ်ကိုင်လာကြတာ ဖြစ်လို့ ပင်ပန်းနွမ်းနယ်မှုကြောင့် အားလုံးနီးပါး အိမ်ပြန်အနားယူကြပါတယ်။
စာကြည့်တိုက် စောင့်နတ်နဲ့ ညားမယ့်ကိုအယ်ဦးနဲ့ တစ်ခြားလူ ငယ်နှစ်ယောက်လောက်ကတော့ လိုအပ်တာ
လေးတွေ ဆက်လုပ်ဖို့ စာကြည့်တိုက်ထဲ ကျန် နေခဲ့ကြပါတယ်။ ညပိုင်းရောက်မှ အားလုံးပြန်
ဆုံမှာဖြစ်တဲ့အတွက် အဲဒီနေ့က စာကြည့်တိုက် ထဲမှာ သူတို့သုံးယောက်ကလွဲပြီး ဘယ်သူမှရှိ
မနေပါဘူး။ တိတ်ဆိတ်နေတဲ့ ညနေစောင်းအ ချိန်လောက်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ တစ်ခုထွက်လာပါတယ်။
ဗုံးကွဲသလို ကျယ် လောင်ပေါက်ကွဲတဲ့အသံ ဖြစ်နိုင်ခြေကို ရိပ်မိလို့ ရပ်ကွက်ထဲက လူတွေ
စာကြည့်တိုက်နား ရောက်လာကြပါတယ်။ အားလုံးမျှော်လင့်မထား တဲ့ ဖြစ်ရပ်ဆိုး တစ်ခုပါ။
.
ယမ်းငွေ့တွေ
ပြည့်နေတဲ့ စာကြည့်တိုက် ထဲက လူငယ်နှစ်ယောက် ပြေးထွက်လာပါတယ်။ အထဲမှာ ကိုအယ်ဦး ကျန်သေးတယ်။
အော်လို့ လူကြီးငါးယောက်ဝင်ပြီး သယ်ထုတ်လာတဲ့ ကို အယ်ဦးတစ်ကိုယ်လုံး ပြင်းထန်တဲ့ ဒဏ်ရာတွေ
နဲ့ပါ။ မီးပုံးပျံကို ချစ်တဲ့စိတ်က ကိုအယ်ဦးကို တမလွန်ပို့လိုက်သလို ဖြစ်ခဲ့ရပါတယ်။
အလုပ် ပြီးချင်ဇောနဲ့ ညပိုင်းလူစုံမှ စပ်မယ့်အပြာရောင် ယမ်းမှုန့်ကို သူတစ်ယောက်တည်းဆက်ပြီး
လုပ် ပါတယ်။ အရောင်စပ်တဲ့ အချိန်သုံးတဲ့ပေါ်တက် (ဒေသအခေါ်) ဆိုတာ ပေါက်ကွဲအားပြင်းထန်
တဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ စနစ်တကျကိုင်တွယ် အသုံးပြုတာတောင် အခန့်မသင့်ရင် အန္တရာယ်
ဖြစ်တတ်တယ်လို့ ပြောကြပါတယ်။ အဲဒီလို အန္တရာယ်များတဲ့ ပစ္စည်းကို အလုပ်ဇောကပ်နေ တဲ့ ကိုအယ်ဦးက
ကျောက်ငရုတ်ဆုံထဲ ထည့် ကြိတ်လိုက်တာ ဖြစ်တဲ့အတွက် မမျှော်လင့်တဲ့ ကြေကွဲစရာတစ်ခု ဖြစ်ခဲ့ရတာပါ။
.
အိုးစည်ဗုံသံတညံညံနဲ့
ပြိုင်ပွဲဝင် မီးပုံးပျံ လွှတ်တဲ့ည၊ အောင်မြင်စွာ လွှတ်တင်လိုက်တဲ့ မီးပုံးပျံကို မျက်ရည်ကိုယ်စီနဲ့
ကြည့်နေတာ ကို အယ်ဦးရဲ့ အမေနဲ့ အစ်မ၊ တငြိမ့်ငြိမ့် တက်နေ တဲ့ မီးပုံးပျံကို ကြည့်ပြီး
အားလုံးရဲ့ ရင်ထဲမှာ ဝမ်းသာခြင်းတစ်ဝက်၊ ဝမ်းနည်းခြင်းက တစ် ခြမ်း။ မကြာခင် ရက်ပိုင်းတောင်ကြီးမြို့
တန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကြီး စတင်တော့မှာဖြစ် ပါတယ်။ ရိုးရာမပျက်တဲ့ အစဉ်အလာပွဲ။
တစ် မူးရလို့ တစ်ပဲလှူတဲ့ပွဲ။ ကြက်ပျံမကျ စည်ကား တဲ့ ပွဲ။ မီးပုံးပျံအချိန်အခါ ရောက်တိုင်းရပ်ကွက်
မီးပုံးပျံအတွက် အသက်စွန့်ပေးဆပ်လုပ်ကိုင် သွားတဲ့ ကိုအယ်ဦးတစ်ယောက် ကောင်းမွန်ရာ
ဘုံဘဝ ရောက်နိုင်ပါကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။