မီးပုံးပျံချစ်သူတို့ ဘယ်လို အမှတ်ယူကြမလဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မီးပုံးပျံချစ်သူတို့ ဘယ်လို အမှတ်ယူကြမလဲ


စိုင်း Red


စိုင်း Red တို့ တောင်ကြီးမြို့ဟာ ၄၇၁၂ ပေမြင့်တဲ့ တောင်ကုန်းပေါ်မှာ တည်ထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး မြို့တစ်မြို့ထဲမှာ ပါတဲ့ ဂုဏ်ယူစရာ ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ပေ ၄ဝဝဝ အထက်မှာ ရှိတဲ့ နီပေါနိုင်ငံ၊ ခေတ္တန္မန္ဒူမြို့ထက် ပိုကြီးတဲ့မြို့လို့ လည်း ဆိုကြတယ်။ ရှမ်း၊ ဓနု၊ အင်းသား၊ ပအိုဝ်း အပြင် အခြားလူမျိုးပေါင်းစုံ ချစ်ကြည်စွာ နေထိုင်ကြတဲ့ ရှားရှားပါးပါး မြို့ဆိုလည်း မမှားပါဘူး။ တောင်ကြီးမှာ မွေးဖွားကြတဲ့သူတွေဟာ မီးပုံးပျံကို အလွန် နှစ်သက် ခုံမင်ကြတဲ့လူတွေ ဖြစ်လာကြတယ်။ တစ်မြို့လုံးဟာ မီးပုံးပျံခရေဇီပါပဲ။
.
အေးချမ်းလှတဲ့ ကျွန်တော်တို့ တောင်ကြီးမြို့  တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲကို  မီးပုံးငယ်အလုံး ၁၅ဝဝ ကျော် တစ်ပြိုင်နက် လွှတ်တင်ခဲ့ပြီး ပရိသတ် ၁ သိန်းကျော် ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ရပ်နီးရပ်ဝေး ဧည့်သည်တွေ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရဝန်ကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဖွင့် လှစ်ပေးခဲ့တယ်။ ဖွင့်ပွဲမှာ ယမ်း၊ မီးကျည်များ ပစ်ဖောက်တာ မှတ်တမ်းတင်ရာ၊ ပွဲလည်သူတွေရော လာရောက်အားပေးကြတာ ပျော်စရာပါပဲ။
.
မီးပုံးပျံပြိုင်ပွဲဝင်များသည် မီးပုံးပျံအမျိုးအစား ၃ မျိုး၌ ပါဝင်ယှဉ်ပြိုင်နိုင်သည်။ (၁) နေ့လွှတ်အရုပ် (၂) စိန်နားပန် (၃) ညမီးကြီးဆိုပြီး ၃ မျိုး ရှိပါသည်။ နေ့လွှတ်အရုပ်တွေက လေတိုက်လေ့ရှိတဲ့  အဝေရာကုန်းမြေ မီးပုံးပျံကွင်းမှာ တော်တော် လွှတ်ရခက်ပါတယ်။ ဒိုင်စင်အကွယ်မှာ လွှတ်တာ များပါတယ်။ ကွင်းထဲမှာဆို စောစောလာပြီး နေ့လယ် ၁၂ နာရီလောက်ဆိုရင်လေကို လာလေ့လာကြပါတယ်။ အထူးသဖြင့် လဆန်း ၁၂၊ ၁၃၊ ၁၄ နှင့် လပြည့်နေ့တွေဆို လေပို တိုက်လေ့ရှိပါတယ်။ ဒီကွင်း(ပြိုင်ပွဲကွင်း) က လေမာယာများတဲ့ ကွင်းပါပဲ။ အနောက်တောင်ကနေ အရှေ့ဘက်ကို တကြောတိုက်သလို၊ မြောက်ဘက်ပါအောင်လည်း  တောင်ဘက်ကနေ တိုက်လေ့ရှိပါတယ်။ ဒါကြောင့် ဒိုင်စင်မှာ ကွယ်လွှတ်ပေမယ့် အရုပ်တွေလွှတ်ရင် မီးစာကို တကယ်စွဲမှ လွှတ်ရမှာ ဖြစ်ပါတယ်။ မီးစာ မစွဲဘဲ လွှတ်ရင် အပေါ်လေနဲ့ ရိုက်ချသလိုဖြစ်ပြီး နေ့လွှတ်အရုပ်တွေ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မီးစာကို ရေနံဝအောင်သုတ်ပြီး မီးကောင်း ကောင်းစွဲမှ လွှတ်ပါ။ ဒါတစ်ချက်၊ နောက်တစ်ချက်က မီးစာထိုးတဲ့ ပုံစံက တောင်ဖက်ကနေ မြောက်ဘက် လေပါရာဘက်ကိုထိုးပါ။ လေနဲ့ပါပြီး ဘေးစောင်းတက်ရင် အမှတ်လျော့သွားပါမယ်။ ဒါက အတက်ကောင်း/ မကောင်း အမှတ်ပေးဒိုင်တွေ အသိဆုံးပါ။ မိုင်းဝပြီး မီးစာကောင်းကောင်းစွဲ တက်သွားတဲ့ မီးပုံးပျံဟာ တည့်တည့်တက်ရင် အမှတ်ပိုရပါလိမ့်မယ်။
.
နေ့လွှတ်အရုပ် လုပ်ရင် အရုပ်ဘော်ဒီတွေ ဘေးကားအောင် လုပ်စေချင်တယ်။ ဒါမှ မှိုင်းပိုဝင်ပြီးအတက် ကောင်းမယ်။ ဥပမာ ဗိုက်ဖောင်းတဲ့ ခိုရုပ်၊ လေဆန်လို့ ပါသွားရင် ကောင်းကင်မှာ အကြာကြီး တက်နေလိမ့်မယ်။ ဒါဆိုရင် စံချိန်မှတ်ပိုရမှာပေါ့။ အဲဒီတော့ ကိုယ်လုပ်မယ့် အရုပ်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ အရုပ်မချိုးခင် အရင်စဉ်းစားပါ။
.
အရုပ်ချိုးတဲ့ ပညာရှင်လူငယ်တွေဟာ တကယ် တော်ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ ပြိုင်ပွဲဝင်ခဲ့တဲ့အရုပ်ဆို အရုပ်လုပ်ရခက်လှတဲ့ သစ်ကုလားအုပ်လို၊ ဓါးခုတ်ကောင်လို၊ အရုပ်တွေ လုပ်နိုင်တာအံ့မခန်းပါပဲ။ တက်လည်း တက်တယ်။ သဘာဝလည်း ကျတယ်။ လှလည်း လှတယ်။ ဒါဆိုရင်သဘာဝ ရုပ်လုံး အမှတ်မှာ အမှတ် ပိုရပါလိမ့်မယ်။ မီးစာလေးတွေကိုပဲ အဖွဲ့တိုင်း စနစ်တကျ လုပ်ကြပါ။ အမှတ်ပေးဒိုင်တွေဟာ တစ်နှစ်တစ်နှစ် ဒါပဲကြည့်ပြီး ဆုံးဖြတ်နေရတာပါ။ တကယ်လည်းတော်ကြ ပါတယ်။ အတွေ့အကြုံတွေ များတာနဲ့အမျှ ဘာကောင်လုပ်ရင် တက်နိုင်တယ်ဆိုတာ သိကြပါတယ်။ သူတို့အကြံဥာဏ်တွေ ယူပါ။ သူတို့တတ်တဲ့ ပညာတွေ ပြန်ဖြန့်ပေးချင်တာ သူတို့ ဆန္ဒတွေပါ။ နီးစပ်ရာနဲ့ မေးပါ၊ တိုင်ပင်ပါ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ ကမ္ဘာကျော်ပွဲ ဖြစ်နေပါပြီ။
.
တကယ်လည်း နိုင်ငံခြားသားတွေ တအံ့တသြဖြစ်သွားစေတဲ့ အရုပ်တွေ အများကြီး လုပ်နိုင်တာ စိုင်း Red တို့ တောင်ကြီးသားတွေပါပဲ။ ဥပမာ- လူဝံတို့ အာဖရိကဆင်တို့ ဆိုရင် ရင်သပ်ရှုမောဖွယ် အရုပ်တွေပါ။ အရုပ်ချိုးတဲ့ ပညာရှင်တွေကို စိုင်း Red လေးစားပါတယ်။
.
စိုင်း Red ငယ်ငယ်က ငါးရုပ်တို့၊ ဘဲရုပ်တို့ဟာ အခုဆို ၁၄၊ ၁၅ နှစ်တွေ လုပ်တတ်တဲ့ အရုပ်တွေ ဖြစ်နေပါပြီ။ သူတို့တွေဟာလည်း တစ်နေ့အလွန် တော်တဲ့ ပညာရှင်ကောင်းတွေပါ။ နေရာ ပေးရမှာပါ။ မီးပုံးပျံမှာ ဝါသနာကြီးလှတဲ့ တောင်ကြီးသား ပေါက်စတွေရဲ့ လေ့ကျင့်ရာကွင်းဟာ တန်ဆောင် တိုင်ပွဲတော်က အဝေရာကုန်းမြင့်သာယာကွင်းပါ။
.
နေ့လွှတ်အရုပ်တွေမှာ ခြေ ၄ ချောင်း၊ ခြေ ၂ ချောင်းနဲ့ အုပ်စုဆိုပြီး ၃ မျိုး ရှိပါတယ်။ ခြေ ၄ ချောင်း၊ ခြေ ၂ ချောင်းက တစ်ကောင်ချင်း ပြိုင်တာ ဖြစ်ပြီး၊ အုပ်စုဆိုတာကတော့ ၃ ကောင်အထက်မှာပြိုင်တဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ အနည်းဆုံး ၃ ကောင်စလုံး တက်ဖို့ဆိုတာ တော်တော်ခက်ပေမယ့် စိုင်း Red တို့ တောင်ကြီးသားတွေဟာ အေးဆေးပါ။ ၃ ကောင်လုံး တက်အောင် လွှတ်နိုင်တဲ့ အုပ်စုတွေ များမှများ၊ တက်ပြီးမှ လေဒဏ်ကြောင့် လောင်မှ လောင် နောက်မှလောင် တက်အောင်လွှတ်တဲ့ ပညာက မသေးပါဘူး။ တကယ်တော်ပါတယ်။ စိုင်း  Red ဆို အခုထိ နေ့လွှတ်အရုပ်တွေကို ညလွှတ်တွေ ထက် ပိုကြိုက်ဆုံး၊ ငယ်ငယ်ကတည်းက ခုထိ နေ့စဉ်ကြည့်တာပဲ။
.
နောက်ပြောချင်တာက ညလွှတ်စိန်နားပန်၊ စိန်နားပန်မီးပုံးပျံဟာလည်း တောင်ကြီးမီးပုံးပျံပြိုင်ပွဲမှာ မပါမပြီးတဲ့ ပညာပါတဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ မီးပုံးငယ်လေးတွေ မီးပုံးပျံကြီးရဲ့ ဘေးပတ်ပတ်လည် နဲ့ အောက်ဆွဲမှာ မီးပုံးလေးတွေချိတ်ပြီး လှပဝေဆာစွာ လွှတ်တင်ပြိုင်ပွဲဝင်တဲ့ ပွဲပေါ့။ မီးပုံးတွေနဲ့ပဲ အရုပ်တွေ၊ ဇတ်ထုတ်တွေ၊ ဗုဒ္ဓဝင်တွေ၊ စာတန်းတွေ ရောင်စုံခြယ်မှုန်းကြတာ တကယ်အံ့ဖွယ်ပါပဲ။ သတိထားရမယ့် အချက်တွေကတော့ မီးပုံးဘေး ပတ်ပတ်လည်မှာ မီးပုံးလေးတွေ အကုန်ချိတ်နိုင်အောင် လျင်မြန်စွာ ချိတ်နိုင်အောင် ချိတ်တွေတစ်ခုနဲ့ တစ်ခု မချိတ်မိအောင် သတိထားရပါမယ်။
.
ချိတ်မိသွားရင် မီးပုံးငယ်တွေ နေရာအနေအထား စောင်းသွားပြီး မီးလောင်တတ်ပါတယ်။ အများဆုံး တွေ့ရတာ အဲဒီပြဿနာပါပဲ။ ချိတ်တာကြာနေရင်လည်း မှိုင်းခံအမှတ် ၂ဝ ကနေ ပြုတ်သွားပါလိမ့်မယ်။ မှိုင်းခံကြည့်တဲ့ ဒိုင်တွေဟာ မှိုင်းစ ထိုးတာနဲ့ အချိန်မှတ်နေပါပြီ။ ကိုယ့်မီးပုံးပျံ ပျံနေအောင် လှနေပေမယ့် မှိုင်းခံကြာရင် အမှတ်လျော့ သွားတတ်တာကို သတိထားရမယ့် အချက်တစ်ခု ပါ။ စိန်နားပန် မီးပုံးပျံကတော့ မီးစာထိုးရင် ဥပမာ- မီးစာအမြင့်က ၆ ပေ ထားပါတော့။ ၄ ပုံ ၁ ပုံပဲ မီးစာ စရှို့သင့်တယ်။ ဒါမှ မီးစာကအောက်ဘက်ကို ဆင်းလာပြီး ၄၅ ဒီဂရီ ဘေးစောင်းလေး တက်သွားမှ အမှတ်ပိုရပါလိမ့်မယ်။ မီးစော်ထိုးတဲ့ ပညာကလည်း ဒီနေရာမှာ သတိထားရမှာပါ။ ၄ ပုံ ၁ ပုံ လောက်ရှို့မှ မတက်ဘူးဆို၊ မီးစာ တစ်ဝက်ကို ရှို့ကြည့် တဖြည်းဖြည်းနဲ့ ဘေးစောင်းတက်အောင် ကြိုးစားလွှတ်ကြပါ။ စုပေါင်းအားနဲ့ လွှတ်ပါ၊ စုပေါင်းခြင်းရဲ့အင်အားဟာ မီးပုံးပျံတစ်လုံးရဲ့ အောင် မြင်ခြင်း တစ်ခုပါပဲ။ စိန်နားပန်မှာလည်း ပညာရှင်တွေအများကြီး ရှိပါတယ်။ သူတို့ဟာလည်း ဒီပညာတွေ မပျောက်ပျက်ရအောင် လက်ဆင့်ကမ်းဖို့ အဆင်သင့်ရှိနေပါပြီ။


.
တောင်ကြီးသားတွေဟာ မီးပုံးပျံမှာ ပျော်မွေ့ကြတဲ့ မီးပုံးပျံချစ်သူတွေပါ။ ဒါကြောင့် ဝါဆိုလ မတိုင်ခင်ကတည်းက အုပ်စုကိုယ်စီနဲ့ တိုင်ပင်နှီးနှောကြပြီး ပြင်ဆင်စရာတွေ စတင် ပြင်ဆင်နေကြပါပြီ။ စိုင်း  Red  အကြံတစ်ခု ပေးခြင်တာက အုပ်စုတစ်ခုဟာဆိုရင် မီးပုံးပျံ တစ်လုံးကို စတင်တော့မယ်ဆို ဘယ်လို တည်ဆောက်မလဲ စိတ်ကူးပါ၊ ဘယ်လို လုပ်မလဲဆိုတာ တိုင်ပင်ပါ။ ဥပမာ စက္ကူဆိုပါစို့ စက္ကူဟာ မီးပုံးပျံ တစ်လုံးရဲ့ အဓိကပါပဲ။ သူ မကောင်းရင် ဘာမှလုပ်လို့ မရပါဘူး။ ဒါကြောင့် စက္ကူနဲ့ စတင် စိတ်ကူးပါ။ အကောင်းဆုံးဆိုတဲ့ ရှမ်းစက္ကူကို ရှာဝယ်ပါ။ အထက်အောက် ဆွဲကြည့်ပါ။ ဘေးတစ်ဖက်တစ်ချက် ဆွဲကြည့်ပါ။ တရွက်ချင်း စစ်ဆေးဖို့ လိုပါတယ်။ စိတ်ရှည်ပါ၊ ရွေးချယ်ပါ။ စိတ်ကြိုက်ဖြစ်မှ ဝယ်ယူ အသုံးပြုပါ။ ကိုယ်ဘယ်လို လုပ်မလဲဆိုတာ မှတ်တမ်း တစ်ခု ထားပါ။ တစ်နှစ်လုံးအတွက်မှတ်ပါ။ ဘယ်သူတွေပါလည်း၊ ဘာဝယ်လည်း အကုန် မှတ်ပါ။ တစ်နှစ် တစ်အုပ်နှုန်းနဲ့  မှတ်တမ်းစာအုပ် တစ်အုပ် ထားပါ။ နောက်တစ်နှစ်မှာ ဘာမှားလည်း ဘယ်လို ဆက်လုပ်မလည်းဆိုတာ သုံးသပ်ချက် ရေးပါ။ ဘာပြုပြင်ရမလည်း ဘယ်လို ပြင်ဆင်ရမလည်းဆိုတာ စုပေါင်း ဆွေးနွေးပါ။ ဒီပညာတွေဟာ အင်တာနက်မှာလည်း မှီငြမ်းလို့မရပါဘူး။ ကိုယ်ကိုယ်တိုင် ကိုယ့်ဟာကိုယ် သင်ယူရမှာဖြစ်တဲ့အတွက် မှတ်တမ်းတစ်ခုထားခြင်းသာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ စိုင်း Red စဉ်းစားမိပါတယ်။
.
ပြန်စရမယ်ဆိုရင် စက္ကူရပါပြီ စနစ်တကျ ဖြတ်တောက်ပြီး ရွေးချယ်ထားတဲ့စက္ကူတွေကို စနစ်တကျ ဆက်စပ်ပြီး မီးပုံးပျံ တစ်လုံး စတင် အကောင်အထည်ဖော်ပါတော့မယ်။ ညမီးကြီး တစ်လုံးဖြစ်ဖို့ အမယ် တော်တော် များပါတယ်။ တကယ်တမ်းဆို မီးပုံးပျံနဲ့ မီးစာဆိုရင် လွတ်လို့ရတဲ့ မီးပုံးပျံတစ်လုံး ရလောက်ပါပြီ။ ဒါပေမဲ့ ကိုယ်စဉ်းစား တည်ဆောက်ဖို့ဟာ ပြောလွယ်ပေမယ့် စုပေါင်းအားနဲ့ ညီညွတ်စွာ ဖန်တီးမှ ရတဲ့ အလုပ် တစ်ခုပါပဲ။
.        
၁။ စက္ကူ ရွေးချယ်ခြင်း
၂။ မီးစာရေနံ ရွေးချယ်ခြင်း
၃။ မီးစာဖရိန်များကြံ့ခိုင်ရန် ပြုလုပ်ခြင်း
၎။ အောက်ဆွဲယမ်းခွေ ကြံ့ခိုင်ရန် ဖရိန်များ ပြုလုပ်ခြင်း
၅။ မိမိပြုလုပ်ထားသော ယမ်းများ စနစ်တကျ တပ်ဆင်ခြင်း
၆။ သတ်မှတ်ထားသော ယမ်းခွေပိဿာချိန် မကျော်ရန် သတိထားရခြင်း
၇။ မီးပုံးပျံ၊ ယမ်းခွေ၊ မီးစာ၊ မီးဆော်များ စနစ်တကျ သယ်ဆောင်ခြင်း
၈။ မီးစာကို ကားပေါ်မှာ စနစ်တကျ အနေအထား မှန်စွာတင်ချခြင်း
၉။ မီးပုံးပျံ ယမ်းခွေများလုံခြုံစွာ သယ်ယူနိုင်ခြင်း
၁ဝ။ စနစ်တကျ သယ်ယူလွှတ်တင်ရန်ဆောင်ရွက် ခြင်း
.

" နေ့လွှတ် "

အမှတ်ကို ဘယ်လိုယူမလဲဆိုတာ နည်း နည်း ရှင်းပြချင်တယ်။ မီးပုံးပျံပြိုင်ပွဲဟာ ကလေးများ ဖြေရတဲ့ စာမေးပွဲလိုပါပဲ။ ဘာသာ ၇ မျိုး ရှိပါတယ်။ နေ့လွှတ်ဆိုရင် ၅ မျိုး ရှိတယ်။ နေ့လွှတ်က (၁) မှိုင်းခံ မှိုင်းစခံတာနဲ့ အောက်မှာ ရှိတဲ့ မှိုင်းခံဒိုင်တွေက အချိန် စမှတ်ပါမယ်။ အမှတ် ၂ဝ ပေးမယ်။ ၂ မိနစ်နဲ့ တက်ရင် ၂ဝ မှတ်ထဲ ၂ မှတ်နှုတ် ၁၈ မှတ် ရပါမယ်။ (၂) ၂ မိနစ်နဲ့ တက်သွားတဲ့ အရုပ်ဟာ တည့်တည့် ၉ဝ ဒီဂရီ တက်သွားရင် အပေါ်အမှတ်ပေးဒိုင် ဖြစ်တဲ့ အတက်ကောင်း/မကောင်းကနေ ၁၈ မှတ်၊ ဘေးတိုက် ၄၅ ဒီဂရီ တက်သွားရင် ၁၃၊ ၁၄ မှတ် ရသွားလိမ့်မယ်။ သူလည်း ၂ဝ မှတ် ပေးပိုင်ခွင့် ရှိ တယ်။ (၃) အဲဒီအရုပ်မီးပုံးပျံဟာ ကောင်းကင်ထဲမှာ ၂ မိနစ် ၁ မှတ်နှုန်းနဲ့ မကျမခြင်း ကြည့်နေမှာပါ။ သူတို့ကတော့ အတက်စံချိန် ကြည့်နေကြတဲ့ ဒိုင်အ ဖွဲ့ပါ။ သူလည်း ၂ဝ မှတ် ပေးနိုင်တယ်။ မှန်ဘီလူး ကိုယ်စီနဲ့ တာဝန်ကို အပြည့်ထမ်းနေကြတဲ့ နေ့/ည ဒိုင်တွေပါ၊ ဂုဏ်ယူစရာပါပဲ။ အဲဒီတက်သွားတဲ့ အရုပ်မီးပုံးပျံကို တကယ့်တိရစ္ဆာန်နဲ့ တူသလား/မတူဘူးလား ဆိုတာ ဆုံးဖြတ်တဲ့အပေါ်မှာ ဒိုင်အဖွဲ့ ရှိသေးတယ်။ သဘာဝရုပ်လုံးကြည့်တဲ့ ဒိုင်အဖွဲ့ပါ။ သူတို့လည်း ၃ဝ မှတ်ပေးပိုင်ခွင့် ရှိပါတယ်။ တစ်ခါတစ်ရံ လာလွတ်တဲ့ အရုပ်တွေဟာ အံ့သြဖွယ် တကယ့်ကို အပြင်က တိရစ္ဆာန်တွေနဲ့ တော်တော်ကို တူပါတယ်။ ဥပမာ- အာဖရိကဆင်၊ ဂျိုး၊ ခို၊ လူဝံ၊ ရေခဲတောင်ဝက်ဝံ၊ မျောက်ဝံ စတဲ့ အရုပ်တွေပေါ့။ (၅) ပုံသဏ္ဍာန်၊ ရုပ်လုံးပီပြင်မှု၊ အချိုးအစား ခက်ခဲမှု လွယ်ကူမှု၊ စက္ကူ အမျိုးအစား၊ ဆီစိမ်၊ ရေပါး၊ ရှမ်းစက္ကူ၊ ဒွါရ၊ မီးစာ၊ တဘူဘောင်၊ အရွယ်ကြီး/ ငယ် သေသပ်မှု၊ အဲဒါတွေ သေချာကြည့်ပြီး ပေးမှတ်က ၂ဝ ပါ။ မှိုင်းခံနေဆဲမှာပဲ မီးပုံးပျံ တစ်ခုလုံးထက် အောက်/ဘေး အကုန်ကြည့်ရှုပြီး အမှတ်ပေးပါတယ်။ ဒါဆိုရင် နေ့လွှတ်အရုပ်တွေနဲ့ ပတ် သက်လို့ စာမေးပွဲ ဘယ်လို ဖြေမလဲဆိုတာ သိပြီပေါ့။
.


" စိန်နားပန် "

စိန်နားပန်ပြိုင်ပွဲမှာဆိုရင် ဘာသာရပ် ၇ မျိုး ရှိပါမယ်။ မှိုင်းခံ၊ ပုံသဏ္ဍာန်၊ အတက်စံချိန်၊ အတက်ကောင်း/မကောင်း ၊ တန်ဆာပလာ၊ စက္ခုပဒေသာ၊ စည်းကမ်းတို့ ဖြစ်ပါ တယ်။
.
(၁) မှိုင်းခံ တစ်မိနစ်ကြာတိုင်း ၁ မှတ်လျော့သွားမယ်၊ ပေးမှတ် ၂ဝ ဒါကြောင့် မြန်မြန် တက်ညီလက်ညီနဲ့ မှိုင်းခံဖို့ လိုပါတယ်။ (၂) ပုံသဏ္ဍာန်မီးပုံးပျံအပေါ်ခေါင်၊ ဒူမီး မီးပုံးချိတ်ရင် ၂ မှတ် ထိန်းကြိုး ၁ မှတ်၊ ကော်ကပ်ဖာထေး သပ်ရပ်မှုအတွက် ၁ မှတ်၊ ဒွါရခွေ တကူဘောင်နှင့် တီကြိုး ၁ မှတ်၊ ပုံသဏ္ဍာန်၊ ဒီဇိုင်း၊ တီထွင်မှု စသည်ဖြင့် စုစုပေါင်း ၂ဝ ပေးပါမယ်။ (၃) အတက်စံချိန်ကောင်းကင် ၂ မိနစ် ၁ မှတ်နှုန်း ကောင်းကင်မှာ ၄ဝ မိနစ်ကြာရင် အမှတ်ပြည့် ၂ဝ မှတ်၊ (၄)  အတက် ကောင်း/မကောင်း သူကျတော့ တည့်တည့် ၉ဝ ဒီဂရီ တက်ရင် အမှတ်လျာ့မယ် ၄၅ ဒီဂရီ တက်ဖို့လိုတယ် ၄၅ ဒီဂရီဆို ၁၈ မှတ်ရပါလိမ့်မယ်။ ဒီဂရီနဲ့ အသေအချာ တိုင်းတဲ့ အပြင် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လုံး ကြည့်တဲ့အတွက် လွဲခဲပါတယ်။ တိကျ သေချာတယ်။ (၅)  တန်ဆာပလာဆိုတာ မီးပုံးအရေအတွက် ၅ မှတ်၊ မီးပုံးအရောင်စုံလင်မှု ၅ မှတ်၊ သရုပ်ဖော်ပီပြင်မှု ၄ မှတ်၊ ကိုယ်ထည် အောက်ဆွဲ မီးပုံး ၆ မှတ်၊ အမှတ် ၂ဝ ပေးပါတယ်။ (၆) စက္ခုပသာဒကတော့ အမှတ် ၃ဝ ပေးပါတယ်။ သတိထားရမယ့် အချက်ပါပဲ မီးပုံးပျံ ကိုယ်ထည် ပေါ်သရုပ်ဖော်မှု ၉ မှတ်၊ မီးပုံး မြိုင်ဆိုင်မှု ၄ မှတ်၊ အောက်ဆွဲသရုပ်ဖော်မှု ၆ မှတ်၊ ၄င်းမီးပုံးပြိုင်ဆိုင်မှု ၃ မှတ်၊ ထီထွင်မှု ၂ မှတ်နဲ့ အားလုံးခြုံ၍ လှပမှု ၆ မှတ်၊ စုစုပေါင်း ၃ဝ မှတ်ပါ။ နောက်ဆုံးတစ်ခုကတော့ စည်းကမ်းပါပဲ။ အပေါ်ဒိုင်(ကော်မတီ) ညွှန်ကြားချက်ကို လိုက်နာခြင်း၊ အချိန်မီ သတင်းပို့ ရောက်ရှိခြင်း၊ ကွင်းဆင်း စစ်ဆေးအဖွဲ့ ညွှန်ကြားချက် လိုက်နာခြင်း၊ အန္တရာယ်ကင်းရှင်းစွာ လွှတ်တင် ခြင်း၊ မိမိပစ္စည်းများကို စနစ်တကျစွာ သိမ်းဆည်း ယူပြန်ခြင်းအားလုံး ၂ မှတ်စီ စုစုပေါင်း ၁ဝ မှတ်၊ အောက်ဒိုင် စည်းကမ်းမှတ်ကလည်း ၁ဝ မှတ်ပါပဲ။ ကွင်းအတွင်းသို့ စနစ်တကျ ဝင်ရောက်ခြင်း၊ ထွက်ခြင်း၊ စည်းလုံး ညီညွတ်စွာ လွှတ်တင်ပြီး တည်ငြိမ်အေးဆေးခြင်း။ ကွင်းဒိုင်ညွှန်ကြားချက်ကို လိုက်နာခြင်း၊ ခိုက်ရန် ဖြစ်ပွားရမ်းကားမှု မရှိခြင်းနှင့် ခွင့်ပြုထားသောယမ်းမှအပ ထပ်မံဖြည့်စွက်ခြင်းတို့က ၂ မှတ်စီ အဲဒီတော့စည်းကမ်းက ၂ဝ မှတ်။
.

" ညမီးကြီး"

ညမီးကြီးကလည်း ဘာသာရပ် ၇ မျိုးပါပဲ။ မှိုင်းခံ၊ စံချိန်၊ အတက်ကောင်းမကောင်း၊ စည်း ကမ်းလည်း စိန်နားပန်နဲ့တူပါမယ်။ မတူတာက ပုံသဏ္ဍာန်၊ အဆင်တန်ဆာနဲ့ စက္ခုပသာဒ ၃ မျိုး ပါ။ ပုံသဏ္ဍာန်က ကျောက်ဖရုံသီးပုံ၊ သင်္ဘောသီးပုံနှင့် အခြားပုံ ၄ မှတ်၊ အချိုးအစားကျမှု ခေါင်၊ ရင်စိ၊ ဒူး၊ ဒွါရ ၄ မှတ်၊ ထိန်းကြိုးများ တပ်ဆင်မှု ၁ မှတ်၊ ကော်ကပ်၊ ဖာထေးသေသပ်သန့်ရှင်းမှု ၁ မှတ်၊ ဒွါရခွေ၊ တကူဘောင်၊ တီကြိုး ၁ မှတ်၊ ယမ်းခွေ အချိုးအစား ညီညာခိုင်ခန့်ဆန်းသစ်မှု ၂ မှတ်၊ မီးစာ မီးဆော်သပ်ရပ်မှု၊ သေချာမှု ၁ မှတ်၊ ညှပ်ကပ်၊ ပန်းချီဒီဇိုင်း ၂ မှတ်စီ စုစုပေါင်း ၂ဝ မှတ် ပေးပါတယ်။ ဒါတွေ အကုန်အကျုံးဝင်အောင် ပြုလုပ်ရပါမယ်။ နောက်စက္ခုပသာဒ အလယ်အူတိုင် အဆက်မပြတ် ချပြမှုအတွက် ၁ဝ မှတ်၊ ဘေးဖြာ ၇ မှတ်၊ အရောင်ရွှင်တောက်ပမှု ၃ မှတ်၊ ခြုံငုံ၍လှပမှု ၆ မှတ်၊ စနက်ယမ်းကမ်းမှု၊ တီထွင်မှု ၂ မှတ်စီ၊ စုစုပေါင်းအမှတ် ၃ဝ ။ နောက်ဆုံး တစ်ဘာသာကတော့ သေသေချာချာ သိထားဖို့ လိုပါလိမ့်မယ်။  တန်ဆာပလာပါ။ အမယ်စုံအောင် ထည့်ဖို့ လိုပါ တယ်။ အမယ်စုံမှသာ အမှတ်ပြည့်ရမယ်။ ဘာတွေပါရမလဲဆိုတာကတော့ ဂလိုက်ဒါ၊ မီးလင်းမြွေ၊ ငါရှဥ့်၊ ရေတံခွန်၊ မီးစင်္ကြာ၊ ခွေပွား၊ လောက်ပွား၊ ခိုကြီး၊ ပုလဲပေါက်နဲ့ ဆန်းသစ် တီထွင်မှုတွေ ပါရပါ မယ်။ နောက်ထပ် ထပ်ပါရမှာကတော့ မီးရှူး ၂၅၊ ခိုပျံ(၂ဝ × ၅) ဗုံးကဒ် (၃ဝ  ×  ၅) လောက် (၂၅ × ၁ဝ) အရောင်ထုတ် ၁ဝ၊ လျှပ်စီး ၅ ၊မှိတ်တုတ်(၁၅ × ၅) လေထီး အဲဒါတွေ အပြည့်ပါထည့်မှ ၃ မှတ် ၃ဝ ရပါမယ်။
.
ရိုးရိုးအရောင် ဝါ၊ စိမ်း၊ နီ၊ ပြာ၊ ဖြူ၊ ငွေမှင် ၁ မှတ်စီရဖို့လည်းထည့်ရပါမယ်။ ဒါတွေအားလုံး ကျလား မကျလား၊ အောင်လား/မအောင်လား ဆိုတာ တန်ဆာပလာဒိုင်များက တစ်ခုခြင်း မှတ်နေပါလိမ့်မယ်။ လိုအပ်ရင် ဗီဒီယို ရိုက်ထားတာတွေ ပြန်ကြည့်ပြီး အမှတ်ပေးက တစ်ခုခြင်း မှတ်နေပါလိမ့်မယ်။ တဆင့်ခြင်း ချပြသွားမှသာ အမှတ်ရပါမယ်။ တခါထဲ ခုန်ကူးသွားရင် အမှတ်မရတော့ပါဘူး။ ဒါကြောင့် သတိထားလုပ်ဖို့ လိုပါတယ်။ အခုပြိုင်နေ ကြတဲ့ အုပ်စုတွေဟာ အင်မတန်သေသပ်စွာ ပြုလုပ်လာကြတာကို သတိထားမိပါတယ်။ သပ်ရပ်မှုမှာလည်း စံပြပါပဲ။
.
မိမိ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ထား ပါစေ။ မာယာများလှတဲ့ ကွင်းထဲမှာ လေဒဏ်၊ မိုးဒဏ်၊ သဘာဝဒဏ်တွေကို အံတုပြီး အောင်မြင်အောင် လွှတ်ဖို့ဆို ကံ၊ ဥာဏ်၊ ဝီရိယလည်း များစွာ လိုအပ်ပါတယ်။ တောင်ကြီးသားတွေ အတွက်ကတော့ ယှဉ်ပြိုင်တဲ့နေရာမှာ မိမိတို့ မီးပုံးပျံ အောင်မြင်စွာ တက်သွားဖို့ဆိုရင် အပျော်လွှတ်လွတ်နေတယ်လို့ သဘောထားပြီးလွတ်ရင် ဖိအားတွေနည်းသွားပြီး ညီညွတ်စွာဖြင့် မီးပုံးပျံများကို အောင်မြင်စွာဖြင့် နှစ်ပေါင်းများစွာ လွှတ်နိုင်ပါစေဟု ဆုတောင်းရင်း။


Journal Download

Photo of three cats