ကျောက်မဲတွင် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူနှင့် သုံးစွဲရန် ရောက်ရှိနေသူများကို ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူနှင့် သုံးစွဲရန် ရောက်ရှိနေသူများကို ဖမ်းဆီးရမိ


မင်းဇော်မင်း



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူနှင့် သုံးစွဲရန် ရောက်ရှိနေသူများကို နိုဝင်ဘာလ ၁ ရက် မွန်းလွဲပိုင်းက ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲ မြို့မရဲစခန်းမှ သိရသည်။
.
" နယ်မြေတာဝန်ကျ စရဖနဲ့၊ တပ်၊ နယ်ထိန်းအဖွဲ့တွေ ပူးပေါင်းပြီး သက်သေတွေနဲ့ အတူ မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းနဲ့  သတင်းအရ ၀င်ဖမ်းတာပါ။ ရောင်းချသူ အိမ်ရှင်နဲ့ ဆေးသုံးစွဲဖို့ရောက်နေတဲ့သူတွေပါ မိပါတယ်။ အားလုံးကို လုပ်ထုံး လုပ်နည်းနဲ့အညီ စစ်ဆေးဆောင်ရွက်နေပါတယ်" ဟု ကျောက်မဲမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
.

ကျောက်မဲမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ(၁၃) နေ စိုင်းနောင့် (ခ) ရီကြည်ဖု ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာလ ၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် သက်သေများနှင့် အတူ ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်း၌ မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲရန် ရောက်ရှိနေသည့် အထက်တာလုံရွာ၊ မိုင်းငေါ့မြို့နေသူ စိုင်းအောင်မိန်း(၂၁) နှစ်၊ ကျောက်မဲမြို့နေ အိုက်စိုင်း(၃၀)နှစ်၊ ခင်မောင်ဝင်း(ခ) ဟူစိန် (၄၃)နှစ်၊ မောင်အေး(ခ) တုံပေါင် (၅၆) နှစ်၊ သန်းဇော်လှိုင်(ခ) ဂျစ်တူး၊ စိုင်းအောင်(၄၃) နှစ်တို့နှင့် အတူ အိမ်ရှင် စိုင်းနောင့် (ခ) ရီကြည်ဖုကို ဘိန်းဖြူဟု ယူဆရသော အဖြူရောင် အမှုန့် စုစုပေါင်း ၅ ဒသမ ၉၅ ဂရမ်( ကာလတန်ဘိုး ၁၁၃၀၅၀ ကျပ်)၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၇ ပြား (ကာလတန်ဘိုး၂၄၁၄၀၀၀ ကျပ်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင် စိုင်းနောင့်(ခ)ရီကြည်ဖုအား တာဝန်ရှိသူများက စစ်မေးရာတွင် မူးယစ်ဆေးဝါးများအား နိုဝင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီခွဲခန့်က ကျောက်မဲမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာ၊ ရွာလယ်လမ်း၊ တာဝါတိုင်အနီး ၂ ထပ်အိမ်အောက်ပိုင်းနေ အားရှင်း၊ (၃၅)နှစ်ခန့်ထံမှ ဆေးပြားများအား ၂၀၀ ပြားပါ ၁ ထုပ်လျှင်  ၃၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဘိန်းဖြူမှုန့်များအား တစ်ဂရမ်လျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ စိုင်းအောင်မိန်းအား သွားရောက်ဝယ်ယူခိုင်းခဲ့ပြီးနောက် ကျောက်မဲမြို့တွင် ပြန်လည်ဖြန့်ဖြူး ရောင်းချပေးခြင်း ဖြစ်ကာ ကျန် ၅ ဦးမှာ မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲရန်အတွက် ၄င်း၏ နေအိမ်သို့ရောက်ရှိနေခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူနှင့် ၀ယ်ယူသုံးစွဲသူများအား ကျောက်မဲမြို့မရဲစခန်းမှ မယ(ပ)၃၁/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁(က)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats