ကြားဖြတ်ရွေးကောက်ပွဲတွင် လဲချား၌ မဲလာပေးသူ ၃၀ ရာခိုင်နှုန်းသာ ရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြားဖြတ်ရွေးကောက်ပွဲတွင် လဲချား၌ မဲလာပေးသူ ၃၀ ရာခိုင်နှုန်းသာ ရှိသေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် ယနေ့ နိုဝင်ဘာလ ၃ ရက်၌ ပြုလုပ်နေသည့် ကြားဖြတ်ရွေးကောက်ပွဲသို့ ဆန္ဒမဲ လာရောက်ပေးသူ နေ့လယ် ၁၂ နာရီခန့်ထိ ၃၀ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရသည်။
.
" အခုကတော့ ခန်မှန်း ၃၀ ရာခိုင်နှုန်းလောက်ပဲ လာပေးကြသေးတယ်။ မွန်းလွဲပိုင်း အလုပ်အားချိန်တွေမှာတော့ လာပေးကြလိမ့်မယ် ထင်ပါတယ်။ ကြီးကြပ်ရတဲ့ မဲရုံတွေရဲ့ မဲလာပေးမှု အခြေအနေကို သုံးသပ်ရရင်တော့ အတော်များများ စိတ်ဝင်စားကြပါတယ်" ဟု မဲရုံ ၁၃ရုံကို စောင့်ကြပ်ကြည့်ရှုရသည့် ကြီးကြပ်ရေးမှူး ဒေါ်ကေသီမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ဆန္ဒမဲ ရေတွက်မည့် အခြေအနေနှင့် ပတ်သက်၍ လဲချားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းမွေဖောင်က " ညနေ ၄ နာရီ နောက်ပိုင်းမှ မဲအရေအတွက်တွေကို ရေတွက်ရမှာပါ၊ ခုထိတော့ ထူးခြားဖြစ်စဉ် မရှိသေးပါဘူး။ ကြိုတင်မဲ တွေလည်း အဲဒီနောက်ပိုင်းမှ ရေတွက်မှာ ဖြစ်ပါတယ်။ အရင် ၂၀၁၅ အတွေ့အကြုံအရဆိုရင်တော့ ဝေးကွာတဲ့ မဲရုံတွေက သယ်လာရတာ နောက်တစ်နေ့ မနက်ပိုင်းမှ စုံလို့ ရေတွက်ရတာတွေ ရှိခဲ့ပါတယ်။ ဒီနှစ်လည်း အဲဒီလို အခြေအနေဆိုရင် ၄ ရက်နေ့ မနက်ပိုင်းလောက်မှ အားလုံးပြီးမယ် ထင်ပါတယ်" ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
လဲချားမြို့နယ်ရှိ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၉ ခုတွင် ယခုပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံ ၃၆ ရုံ ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုကြားဖြတ် ရွေးကောက်ပွဲသို့နိုဝင်ဘာလ ၃ ရက်အထိ မဲပေးခွင့်ရှိသူ စုစုပေါင်း ၃၉၃၂၁ ဦး ရှိကာ ကြိုတင်မဲအဖြစ် ခလရ(၆၄)နှင့် ခမရ(၅၁၅)တို့မှ မဲဆန္ဒရှင် ၃၂၅ ဦးက မဲပေးခွင့်ရှိကြောင်း လဲချားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။
.

ယခု နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်နေသည့် ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မဲဆန္ဒနယ် ၁၃ နေရာ၌ ကျင်းပပြုလုပ်နေခြင်း ဖြစ်ကာ ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင်လည်း လစ်လပ်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ပြုလုပ်နေခြင်း ဖြစ်သည်။
.
အဆိုပါ လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) မှ စိုင်းရွှေဆိုင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ စိုင်းဥက္ကာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စိုင်းအောင်ထွန်းလေး တို့က ယှဉ်ပြိုင်အရွေးချယ်ခံနေကြခြင်း ဖြစ်သည်။
.
ယခု ပြုလုပ်နေသည့် ကြားဖြတ်ရွေးကောက်ပွဲသည် NLD အစိုးရလက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ယူကျင်းပသော ဒုတိယအကြိမ်မြောက် ရွေးကောက်လည်း ဖြစ်သည်။

Journal Download

Photo of three cats