UWSA “ဝ” တပ်ဖွဲ့မှ ဖမ်းဆီးထားသော ခရစ်ယာန်ဓမ္မအမှုဆောင် ၉၀ ကျော်ကို ခံဝန်ကတိဖြင့် ပြန်လွှတ်ပေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, October 12, 2018

UWSA “ဝ” တပ်ဖွဲ့မှ ဖမ်းဆီးထားသော ခရစ်ယာန်ဓမ္မအမှုဆောင် ၉၀ ကျော်ကို ခံဝန်ကတိဖြင့် ပြန်လွှတ်ပေး



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ”ဒေသတွင်  UWSA တပ်ဖွဲ့ဝင်များ ထိန်းသိမ်းထားသည့် မိုင်းပေါက်မှ လားဟူခရစ်ယန် ဓမ္မအမှုဆောင် ၉၀ ကျော်ကို  ခံဝန်ကတိများဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း လားဟူခရစ်ယန်အဖွဲ့ချုပ်၊ ကျိုင်းတုံမှ ဒေါက်တာ လာဇရု ထံက သိရသည်။
.
 
.
“ဓမ္မအမှုဆောင်တွေတော့ ခံဝန်ကတိနဲ့ ပြန်လည်လွတ်မြောက်လာပါပြီ။ ဒါပေမဲ့ ဟိုတောင်းကျမ်းစာသင်ကျောင်းက ကျောင်းသူ/ကျောင်းသား ၄၀ ကျော်ကတော့ ပြန်မလွတ်သေးပါဘူး။ စစ်မှုထမ်းခိုင်းထားတယ်လို့ သိရတယ်။ ဆက်လက်ပြီး သူတို့လွတ်မြောက်ရေးအတွက် ဆုတောင်းပေးလျက်ရှိပါတယ်”ဟု လားဟူခရစ်ယန်အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လာဇရုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လားဟူခရစ်ယန်ဓမ္မအမှုဆောင် ၉၂ ဦးကို ပြန်လည်လွှတ်ပေးသည့် ခံဝန်ကတိများတွင် ကျမ်းစာမဖတ်ရန်၊ ဆုမတောင်းရန် စသည့် အချက်များပါဝင်မှုကြောင့် ဘာသာရေးလွတ်လပ်ခွင့်မရှိကြောင်း၊ သို့သော် အဆိုပါခံဝန်ကတိများကို လက်မှတ် ထိုးမှသာ အောက်တိုဘာလ ၁၀ ရက်၊ ညနေပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာလာဇရုက ဆိုသည်။
.
မိုင်းပေါက်မှ ဓမ္မအမှုဆောင်များနှင့်အတူ ဖမ်းဆီးခံရပြီး စစ်မှုထမ်းဆောင်ခိုင်းသည်ဟု သိထားရသည့် ဟိုတောင်း ကျမ်းစားသင်ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၂ ဦးကိုမူ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ဆက်လက်ထိန်းသိမ်းထားရှိဆဲ ဖြစ်ကြောင်း၊ ၎င်းတို့ ပြန်လည်လွှတ်မြောက်စေရေးနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်ဆုတောင်းခွင့် ရရှိရေးအတွက် လားဟူပါတီအပါအ၀င် လားဟူလူထုနှင့် ခေါင်းဆောင်များ စုစည်းညှိနှိုင်းကာ တောင်းဆိုသွားရန်ရှိသည်ဟု ၎င်းကဆိုသည်။
.
UWSA`၀`တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်း ခံထားရသည့် ဓမ္မဆရာနှင့် ကျမ်းစာသင် ကျောင်းသား/ကျောင်းသူများအတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လားဟူခရစ်ယန်ဓမ္မဆရာ ၄၀၀ ကျော်မှ စုပေါင်း ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း မိုင်းတုံမြို့၊လားဟူနှစ်ခြင်းခရစ်ယန်အသင်းတော်၏ဓမ္မဆရာ ဦးရှလောက ထံမှ သိရသည်။
.
“သူတို့တွေအမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်။ ပြီးတော့လဲ ယုံကြည်ကိုးကွယ်ခွင့်ကို လူတိုင်းရသင့်ပါတယ်”ဟု ဦးရှလောက ပြောသည်။
.
လူ့အခွင့်အရေးကြေညာစာတမ်းတွင် Artical 18 အရ လူတိုင်း ယုံကြည်ရာကို ကိုးကွယ်ခွင့်၊ ဟောပြောခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဝေဖန်ပိုင်းခြားနိုင်ခွင့်များသည် လူတစ်ဦးတစ်ယောက်အနေဖြင့် ရပိုင်ခွင့်များဖြစ်ကြောင်း ဖော်ပြထားသည်။
.
UWSA”ဝ” မှ စက်တင်ဘာလ ၆ရက်က ထုတ်ပြန်သည့်စာ၌ အနာဂတ်တွင် UWSA “ဝ” ဒေသအတွင်း ခရစ်ယာန် သာသနာပြုလုပ်ငန်းများ လုပ်ကုန်လိုပါက UWSA`စီမံခန့်ခွဲသည့် ဘောင်အတွင်းမှသာ လုပ်ဆောင်ရမည်ဟုပါရှိထားပြီး အောက်တိုဘာ ၂ ရက်က ၄င်းတို့ထိန်းသိမ်းထားသည့် “ဝ” လူမျိုးခရစ်ယန်သာသနာပြု ၁၀၀ ကျော်အား ပြန်လွှတ်ပေးခဲ့ ကြောင်း “ဝ”နှစ်ခြင်း ခရစ်ယန်အဖွဲ့ချုပ်အထွှေထွေအတွင်းရေးမှူးဒေါက်တာ အိုက်နပ်ယွမ်းက ပြောကြားထားသည်။
.
ကျိုင်းတုံအခြေစိုက်၊ လားဟူနှစ်ခြင်းခရစ်ယန်အသင်းတော်၏အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာလာဇရုမှ မြန်မာနှစ်ခြင်းခရစ်ယန်အသင်းတော်သို့ ပေးပို့သည့် စက်တင်ဘာ ၂၅ ရက်စွဲပါစာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ `၀` အထူး ဒေသ အာဏာပိုင်များက လားဟူနှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်သာသနာပိုင်နယ်မြေ မိုင်းပေါက်တွင် ခရစ်ယန်ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ကာ ၃ ကျောင်းကိုဖြိုချဖျက်ဆီးခဲ့ပြီး ဓမ္မအမှုဆောင် ၉၂ ဦးကိုဖမ်းဆီးထိန်းသိမ်းထားရှိကာ ဟိုတောင်းကျမ်းစာသင်ကျောင်းမှ ကျမ်းစာသင်ကျောင်းသား/ကျောင်းသူ ၄၁ ဦးကို ဖမ်းဆီးခေါ်ဆောင် စစ်မှုထမ်းစေသည်ဟု ဖော်ပြပါရှိသည်။
.
.
.
#KBZTai #Shan