စိုင်းရာဇာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ မဲတနှောင်းကျေးရွာတွင် စက်တင်ဘာ စက်တင်ဘာလကုန်ပိုင်းမှစ၍ ကျဲ၊ နွားနှင့် ဝက်များ စုစုပေါင်း တရိစ္ဆာန် ၃၄ ကောင် ရောဂါအမည် မပေါ်ဘဲ ရုတ်တရက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ကျေးရွာရှိ ကျေးရွာသား/သူများမှ သက်ဆိုင်ရာဌာနသို့ အကူညီ တောင်းခံခဲ့ရာ တိရိစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်ရှိသော တိရိစ္ဆာန်များအား အောက်တိုဘာ ၄ ရက်က ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့တွေ မွေးမြူရေးမှမဟုတ်ဘူး။ စိုက်ပျိုးရေးတွေမှာလည်း အခက်ခဲကြုံလာရင် သက်ဆိုင်ရာကို အကူညီတောင်းလို့ရ တယ်ဆိုတာ အရင်ကမသိခဲ့လို့ ဆုံးရှုံးရတာတွေရှိတယ်။ အခုဆိုရင် ကျွဲ၊ နွား တစ်ကောင် သေတာနဲ့ သိန်းဆယ်နဲ့ချီပြီး ဆုံးရှုံးရတယ်လေ။ တခြား ဒေသတွေလည်း မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့လိုပါတယ်” ဟု နန်းဟောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ပေါက်စီက ပြောသည်။
သေဆုံးခဲ့သော ကျွဲ ၁၁ ကောင်၊ နွား ၃ ကောင်နှင့် ၀က် ၂၀ ကောင် ကာလတန်ဖိုး စုစုပေါင်း ဆုံးရှုံးမှုမှာ သိန်းပေါင်း ၂၅၀ ခန့်ရှိကြောင်း သိရသည်။
“လည်ချောင်းကွဲရောဂါလို့ ယူဆရပါတယ်။ အဓိက သေရတဲ့ အကြောင်းအရင်းက သတင်းပေးမှု အားနည်းလို့ ဖြစ်တာပါ။ အဲဒီရွာတွေက တိရစ္ဆာန်ကို ကာကွယ်ဆေးထိုးရမှ အလွန်ကြောက်တဲ့ ရွာတွေ ဖြစ်တယ်။ သူတို့ တိရစ္ဆာန် ကျန်းမာနေတာပဲ၊ ဘာလို့ ကာ ကွယ်ဆေး ထိုးရမှာလဲဆိုတဲ့ အမြင်တွေ ရှိကြပါတယ်။ ဒါကလည်း တစ်ခါမှာတော့ မဖြစ်ဖူးဘူး။ ဆေးထိုးပြီးတဲ့ နောက်တော့ ထပ်ပြီး အသေအပျောက် မရှိတော့ဘူး" ဟု တောင်ကြီးမြို့နယ် တိရိစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်မိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အောက်တိုဘာ ၄ ရက်နေ့တွင် မဲတနှောင်းကျေးရွာရှိ ကျွဲ၊ နွား ကောင် ရေ ၁၀၀ ခန့်အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အောက်တိုဘာ ၅ ရက်က ရွာသစ်(ဒုံတသာ) ရွာရှိ ကျွဲ၊ နွား အကောင်ရေ ၁၅၀ ခန့်အား ကာကွယ် ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်များ သေဆုံးမှု ဖြစ်ပွားခဲ့သော မဲတနှောင်းကျေးရွာတွင် ကျွဲ၊ နွား ကောင်ရေ ၁၀၀ ခန့် မွေးမြူထားကြောင်း သိရသည်။

Home
တောင်ကြီး
ရှမ်းတောင်သတင်းများ
တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စုတွင် တိရစ္ဆာန်များ ရောဂါအမည် မပေါ်ဘဲ သေဆုံးမှု ဖြစ်ပွား
တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စုတွင် တိရစ္ဆာန်များ ရောဂါအမည် မပေါ်ဘဲ သေဆုံးမှု ဖြစ်ပွား
Tags
# တောင်ကြီး
# ရှမ်းတောင်သတင်းများ
Share This
About Unknown
ရှမ်းတောင်သတင်းများ
Tags
တောင်ကြီး,
ရှမ်းတောင်သတင်းများ