ရဲရင့်ဇွဲ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊
လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ဖွင့်လှစ်ထားသော ညဈေးသစ် (Night 38) ၌ ဈေးရောင်းချသူအချို့မှ
ရေမြောင်းအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေသည်ဟု အဆိုပါ ညဈေးအနီး
နေထိုင်သူများထံမှ သိရသည်။
.
''စည်းကမ်းမဲ့ အမှိုက်လာရောက်စွန့်ပစ်ထားတာတွေက
ညတိုင်းလိုလိုပါပဲ။ ဖော့ဘူးတွေ၊ တူတွေ လာပစ် ထားကြတယ်။ စည်ပင်ကလာပြီး သန့်ရှင်းရေးလုပ်ပေးတယ်
ဆိုပေမဲ့လည်း မပြောင်ဘူး။ ရေမြောင်းထဲမှာ အမြဲတမ်း အမှိုက်တွေက ရှိနေတယ်။ တစ်ခါတစ်လေဆိုရင်
လောက်ကောင်တွေ၊ တီကောင်တွေတောင် ထွက်နေတာ တွေ့ရ တယ်။ အနံ့ဆိုးလည်း ထွက်နေတော့ ကျန်းမာရေး
ထိခိုက်နိုင်တယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စိစစ်ကြပ်မတ်ပေးစေလိုပါတယ်။ နောက်ပြီးတော့
ဒီညဈေးတန်း ဖွင့်လိုက်တဲ့အတွက် ယာဉ်ကြောတွေ ပိတ်နေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ကျောင်းဖွင့်ရက်ဆိုရင် ပိုဆိုးမှာပါ။ ဈေးဖွင့်ချိန်က
၅ နာရီဆိုပေမဲ့ ၃ နာရီ၊ ၄ နာရီ ကတည်းက ကြိုတင်ပြင်ဆင်ရတယ်။ လမ်းတစ်လျှောက်လုံး ကားတန်းကြီးတွေ
ဖြစ်နေပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေက စိစစ်ပြီးတော့ ပြုပြင်ပြောင်းလဲမှု လုပ်စေချင်ပါတယ်''
ဟု အဆိုပါ Night 38 ညဈေး အနီး နေထိုင်သူ ကိုစိုင်းမောင်အေးက ပြောကြားခဲ့သည်။
.
ညဈေးသိမ်းချိန်တွင်
ဈေးဆိုင်ရောင်းချသူအချို့က အဆိုပါညဈေးအနီး ရှမ်းပြည်နယ်အားကစားကွင်း ဝင်ပေါက်ဘေး ရေမြောင်းအတွင်းသို့
အမှိုက်များ စားကြွင်းစားကျန်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုရှိနေပြီး အနံ့ဆိုးများ
ထွက်ပေါ်နေခြင်း ပတ်ဝန်းကျင် အမြင်မသင့်တော်ခြင်းး ဘောလုံးပွဲသို့လာရောက်သော အများ ပြည်သူ
စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေခြင်း စသည်တို့ကြောင့် တာဝန်ရှိသူများမှ ဖြေရှင်း ဆောင်ရွက်ပေးစေလိုသည်ဟု
ဒေသခံပြည်သူများက ပြောဆိုလျက်ရှိသည်။
.
“ဘယ်အချိန်မှာ လာပစ်ကြတာလဲဆိုတော့
ဆိုင်သိမ်းချိန်နဲ့ ဆိုင်ဖွင့်လှစ် ရောင်းချနေတဲ့ အချိန်တွေမှာ ရေမြောင်းနားမှာ စည်းကမ်းမဲ့
ပန်းကန်လာဆေးတာတွေ ရှိတယ်။ နောက်ပြီး စားကြွင်းစားကျန်တွေကို ရေမြောင်း ထဲကို လာပစ်ကြတယ်။
စည်ပင်က အမှိုက်ကြေးတော့ ကောက်တယ်။ ဒါပေမဲ့ ရေမြောင်းသန့်ရှင်းရေးတော့ လာ မလုပ်ပေးဘူး။
အခုလို စည်းကမ်းမဲ့ အမှိုက်ပစ်ကြတဲ့အတွက် ခြင်ယင်တွေပေါလာတယ်။ တီကောင်တွေ လောက် ကောင်တွေ
အများကြီးဖြစ်နေတယ်။ ကျန်းမားရေးအတွက်လည်း မသင့်တော်ဘူး။ ဒါတွေကို သက်ဆိုင်ရာက ဖြေရှင်းပေးစေလိုပါတယ်''ဟု
အဆိုပါ ညဈေးအနီးရှိ အား/ကာတိုက်တန်းတွင် ဆိုင်ခန်းဖွင့်လှစ် ရောင်းချနေသူ တစ်ဦးကလည်း
၎င်း၏သဘောထားအမြင်ကို ပြောသည်။
.
အဆိုပါညဈေးကို စတင်မဖွင့်လှစ်မီအချိန်က
အထက(၁)နှင့် အထက(၃) စာသင်ကျောင်းတို့၏ အလယ်တွင်ဖြစ်၍ ညနေ ကျောင်းဆင်းချိန်၌ ယာဉ်ကြေ
ပိတ်ဆို့၍ ကျောင်းသား/သူများအတွက် ယာဉ်အန္တရာယ် ဖြစ်စေနိုင်ခြင်း၊ မြို့လယ်လမ်း ဖြစ်၍
အမှိုက်သရိုက်နှင့် စားသောက်ဆိုင် အညစ်အကြေးများကြောင့် မြို့တော် သာယာလှပရေးကို ထိခိုက်စေနိုင်ခြင်းတို့ကြောင့်
တောင်ကြီးမြို့နေ ဒေသခံ ၁ဝဝ ကျော်မှ ဇူလိုင်လ ၂၃ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့
ကန့်ကွက်စာ တင်ပြထားခဲ့သော်လည်း အကြောင်းပြန်ကြားမှု မရှိဘဲ ဩဂုတ်လ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
"ဆိုင်ခန်းအတွက်
အခွန်ကတော့ လောလောဆယ် မဆောင် ရသေးဘူး။၊ အစမ်းကာလ အနေနဲ့ ၆ လ ဖွင့်ခွင့်ပြုထားပါတယ်။
သန့်ရှင်းရေးတွေ အတွက်တော့ ကျွန်တော်တို့ ၃၈
ခန်း မျှပြီး ကျခံရတာရှိပါတယ်။ တစ်ခန်းကို တစ်ရက် ၈၀၀ ကျပ်လောက် ကျပါတယ်။ ၆ လပြီးရင်တော့ သတ်မှတ် စည်းကမ်းတွေနဲ့ညီရင် ဆက်ဖွင့်ခွင့်ရမယ်၊
မညီရင်တော့ ဖွင့်ခွင့်ရမှာမဟုတ်ဘူး၊ သန့်ရှင်ရေးနဲ့ ပတ်သက်ပြီး အမှိုက်သိမ်းတာ အပြင်
လိုအပ်ရင် ရေတွေနဲ့ ဆေးဖို့လည်း ပြောထားတာရှိပါတယ်"ဟု အဆိုပါ ညဈေးတွင် ဈေးရောင်းချနေသူ
Night 38 ညဈေး၏ ကော်မတီ ဒုတိယဥက္ကဌ ဦးလှိုင်ဝင်းအေးက ပြောကြားခဲ့သည်။
.
အဆိုပါ ညဈေးသစ်
(Night 38) ကော်မတီအဖွဲ့ကို ဦးစိုင်းထွန်းထွန်းက ဥက္ကဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၂ဝ ဦးဖြင့်
ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ညဈေးကို ညနေ ၄ နာရီမှ ည ၁ဝ နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချရန်
အပါ အဝင် စည်းကမ်းချက် ၁ဝ ခုကို Night 38 ဈေးကော်မတီ အဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။