မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
NCA လက်မှတ်ရေးထိုးထားသော
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တပ်မတော် ခေါင်းဆောင် များ
အလွတ်သဘော တွေ့ဆုံမှုအဖြစ် NCA စာချုပ် ၃ နှစ်ပြည့်သည့် အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌
တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဇွဲ့အစည်းအဝေးမှ ထုတ်ပြန်ကြေညာချက် (၀၂/၂၀၁၈) ကို
အောက်တိုဘာလ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ အဆိုပါ ကြေညာချက်တွင် အလွတ်သဘောတွေ့ဆုံမှု
မှသည် ဆွေးနွေးအဖြေရှာ သွားမည်ဖြစ်ကြောင်း ပါရှိသည်။
NCA လက်မှတ်ရေးထိုးထားသည့်
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းဝေးကို
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁၀ ရက်မှ ၁၁ ရက်အထိပြုလုပ်ခဲ့ပြီးနောက်
ယင်းကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
ထုတ်ပြန်ကြေညာချက်တွင်
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၌ ဖြစ်ပေါ်နေသော တစ်ဆို့မှု
များအား ကျော်လွှားနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး
အဖွဲ့အစည်းများ၏ သက်ဆိုင်ရာထိပ်သီးခေါင်းဆောင်များအကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့်
ဆွေးနွေးအဖြေရှာသွားနိုင်ရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌ အစိုးရ၊
လွှတ်တော် တပ်မတော် ခေါင်းဆောင်များနှင့် ပူးတွဲကျင်းပသွားရန် သဘောတူဆုံးဖြတ်ကြောင်း
ထုတ်ပြန်ကြေညာကြောင်း ဖော်ပြပါရှိသည်။
.
ယင်းကဲ့သို့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်NCA
လက်မှတ် ရေးထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့ တွေ့ဆုံမှုကို မူလက ပုပ္ပါးတွင် ပြုလုပ်ရန်လျာထားသော်လည်း
နေပြည်တော်သို့ ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းထုတ်ပြန်ကြေညာချက်ကို
ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် စောမူတူးစေးဖိုးမှ ဘုံ ရပ်တည်ချက်ကို
ညှိနှိုင်းဆွေးနွေးသတ်မှတ်ပြီး NCA အပေါ်တွင်လိုက်နာမှုရှိ/မရှိ ၊ ကိုက်ညီမှုမရှိ/မရှိ
ပြန်သုံးသပ်ပြီးနောက် နှစ်ဘက် ကွာဟမှုများကို ကျော်လွှားပြီးရရှိခဲ့သည့် NCA ကို လမ်းညွှန်တစ်ခုအဖြစ်
သွေဖည်လို့မရကြောင်း၊ သို့အတွက် တူတာတွေတွဲလုပ်၊ မတူတာတွေခွဲလုပ်`မူ`အရ ၁၀ ဖွဲ့အကြားတွင်
ဘုံသဘောထားရပ်တည်ချက်ချမှတ်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး အနာဂတ်ပြည်ထောင်စုကြီးကို
အတူတကွ အကောင်းဆုံးဖြစ်အောင် တည်ဆောက် ကြရမည် ဖြစ်သည့်အတွက် NCA လက်မှတ် မရေးထိုးရသေးသည့်
အဖွဲ့များ အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာ နိုင်သည့် အခင်းအကျင်းများကို
လမ်းရှာပေးရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု သိရသည်။
.
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း
၁၀ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ
(KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ
(NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai
#Shan