တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် LED အလှဆင် ဒေါင်းရုပ်များဖြင့် ထည့်သွင်း ကျင်းပသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် LED အလှဆင် ဒေါင်းရုပ်များဖြင့် ထည့်သွင်း ကျင်းပသွားမည်


ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်အထိ တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ယခုနှစ် ဖွင့်ပွဲအခမ်းအနားတွင် ထူးထူးခြားခြားအနေဖြင့် LED အလှဆင် ဒေါင်းရုပ်များအား ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် အောက်တို ဘာလ ၁၇ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ယင်းကဲ့သို့ LED အလှဆင်ဒေါင်းရုပ် အသုံးပြုရန် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

''ဒီနှစ် တန်ဆောင်တိုင်ဖွင့်ပွဲမှာတော့ ထူးထူးခြားခြားအနေနဲ့ ကိန္နရီ၊ ကိန္နရာကတဲ့ ပုံစံမျိုး LED ဒေါင်းရုပ် ပါဝင်မှာ ဖြစ်ပါတယ်။ လူနဲ့ ကတာ မဟုတ်ဘဲ စက်နဲ့ လုပ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်တို့ လုပ်ငန်းကော်မတီကနေ တင်ပြလာတာဖြစ်ပြီး ဝယ်ယူဖို့လည်း အတည်ပြု ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။ ဒေါင်းရုပ်ပုံ ၂ ခုကို သိန်း ၃ဝ လောက်ကုန်ကျပါတယ်။ ဒါ့အပြင် အရင်နှစ်ထက် ပိုလာတာဆိုရင် စာပေပြိုင်ပွဲ ရှိပါတယ်။ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ စီးပွားရေးလုပ်ငန်းကြော်ငြာတွေ ထုတ်လွှင့်ပြသဖို့နဲ့  Sky Net က တိုက်ရိုက်ထုတ်လွှင့်ပြသတာကို ပြန်ပြသပေးဖို့ LED တီဗွီအကြီးကိုလည်း ပြသသွားဖို့ရှိပါတယ်''ဟု တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားခဲ့သည်။
.
ထို့အပြင် ယခုနှစ်ပွဲတော်ကို ဒေသခံများ၏ တောင်းဆိုမှုအရ ယခင် နှစ်များနည်းတူ ၁ဝ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
.
''ဒီနှစ်မှာ ပြိုင်ပွဲဝင် မီးပုံးအရေ အတွက်များတဲ့အတွက် မီးပုံးပျံပညာရှင်တွေ၊ ဒေသခံတွေ တောင်းဆိုတာကြောင့်ရယ်၊ နောက်ပြီးပြည်နယ် ဝန်ကြီးချုပ်ကလည်း မေတ္တာရပ်ခံတဲ့အတွက် ပွဲတော်ကို မူလက ၉ ရက် ကျင်းပဖို့ ဆုံးဖြတ်ထားပေမယ့် အခုအခါ ယခင်နှစ်များနည်းတူ ၁ဝ ရက် ကြာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်''ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဆက်လက် ပြောကြားခဲ့သည်။
.

ယင်းကဲ့သို့ ပွဲရက် ပြန်လည်တိုး မြှင့်ပေးမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း ဥက္ကဌ ဒေါက်တာသန်းဝင်းက ''ပွဲအစ၊ အဆုံး ၁ဝ ရက်ပါ။ ပြိုင်ပွဲ ၉ ရက်နဲ့ ဆုပေးပွဲ၊ ပိတ်ပွဲက ၁ ရက် ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၄ ကနေ ၂၂ ရက်အထိ ပြိုင်ပွဲဖြစ်ပါတယ်။ ၂၃ ရက်ကတော့ ဆုပေးပွဲနဲ့ ပိတ်ပွဲပါ။ အခုလို ရက်ပြန်တိုးပေးတဲ့အတွက် ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့တွေရော၊ ဒိုင် အဖွဲ့တွေရော၊ ပွဲကြည့်ပရိသတ်တွေနဲ့ ဈေးရောင်းချသူတွေ အားလုံး အဆင်ပြေသွားပါတယ်။ ခေါင်းရွက် ဗျက်ထိုး ဈေးသည်တွေကအစ တစ်ရက် တိုးရင် တစ်ရက်ပိုပြီးရောင်းရတော့ ဝင်ငွေပိုရပါတယ်။ အခုကလည်း ရက်တိုးတယ်ဆိုတာထက် ပုံမှန်အတိုင်း ပြန်ကျင်းပတာပါ''ဟု ၄င်း၏အမြင်ကို ပြောသည်။
.
ပွဲတော်ရက် ၁ ရက်တိုးလာသော်လည်း ပြိုင်ပွဲဝင်မီးပုံးပျံများအတွက် စာရင်းကောက်ခံမှုနှင့် မဲနှိုက်ရွေး ချယ်မည့် ရက်များကိုမူ ယခင်အတိုင်း အပြောင်းအလဲမရှိဘဲ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂ ရက်ထိ စာရင်းကောက်ခံသွားမည်ဖြစ်ပြီး မဲနှိုက်ရွေးချယ်ခြင်းကို နိုဝင်ဘာလ ၄ ရက်တွင် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေမှူးရုံး၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယခုနှစ်တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့များအား နေ့စဉ် ညနေ ၆ နာရီမှ စတင်၍ လွှတ်တင်နိုင်စေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မီးပုံးပျံတစ်လုံးနှင့် တစ်လုံး အကြားတွင်လည်း အချိန်ကွာဟမှု မရှိစေရေးအတွက် တတ်နိုင်သမျှ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းဝင်းက ဆက်လက် ပြောကြားခဲ့သည်။
.
အောက်တိုဘာလ ၂ဝ ရက်အထိ ကောက်ခံရှိသည့် စာရင်းများအရ တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညမီးကြီး မီးပုံးပျံ အလုံးရေ ၅၅ လုံးနှင့် စိန်နားပန် မီးပုံးပျံ ၂ဝ လုံးအထိ စာရင်း ပေးသွင်းထားပြီးဖြစ်ကာ ခန့်မှန်းခြေအားဖြင့် ညမီးကြီးမီးပုံးပျံအလုံး ရေ ၈ဝ ခန့်အထိ ရှိနိုင်မည်ဖြစ်ပြီး ယခုနှစ်တွင် မီးပုံးပျံပြိုင်ပွဲ အပါအဝင် အခြားပြိုင်ပွဲများ၏ ဆုချီးမြှင့်ငွေများကိုလည်း တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
တန်ဆောင်တိုင်ပွဲတော်တွင် အသုံးပြုမည့် အသုံးစရိတ်များနှင့် ပတ်သက်၍ ပြည်နယ်လူမှုရေးဝန်ကြီးက ''တန်ဆောင်တိုင် အထွေထွေလေလံကတော့ သိန်း ၃၄ဝဝ ကျော် ရရှိထားပါ တယ်။ လက်ရှိမှာ လုပ်ငန်းကော်မတီ ၁၂ ခု ရှိတဲ့အနက် ဘဏ္ဍာရေးကော်မတီကလွဲရင် ကျန်တဲ့လုပ်ငန်းကော်မတီ ၁၁ ခုကနေ အသုံးစရိတ် တင်ပြထားတာ စုစုပေါင်း ကျပ်သိန်း ၂၈ဝဝ ကျော် ရှိပါတယ်။ အဲဒီ သိန်း ၂၈ဝဝ ကျော်က ပွဲတော်ကာလ ၉ ရက်အတွက် တွက်ချက်ထားတာဖြစ်တဲ့အတွက် အခု ၁ ရက်တိုးလာတဲ့အခါ အသုံးစရိတ် တစ်ရက်စာ ပိုတက်လာဦးမှာပါ။ ဒါ့အပြင် အဲဒီမှာ မပါသေးတဲ့ ဘဏ္ဍာရေးလုပ်ငန်းကော်မတီနဲ့ ဦးစီးကော်မတီ အသုံးစရိတ်တွေထပ် ပေါင်းရင် စုစုပေါင်းအသုံးစရိတ်ကတော့ ကျပ်သိန်း ၃ဝဝဝ ကျော်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်''ဟု ပြောကြားခဲ့သည်။
.
ယင်းအသုံးစရိတ်များအနက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သော လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အခြား လုံခြုံရေးအဖွဲ့များအတွက် စားစရိတ်ကုန်ကျငွေကျပ် သိန်း ၃ဝဝ ကျော် တင်ပြလာခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်ဝေးမှလာရောက် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကိုသာ ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ပြီး လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ တင်ပြလာသည့် အသုံးစရိတ်အချို့ကို လျှော့ချခဲ့သည်ဟု သိရသည်။
.
အဆိုပါ အတည်ပြုဆုံးဖြတ်ခဲ့သည့် သက်ဆိုင်ရာ လုပ်ငန်းကော် မတီများ၏ အသုံးစရိတ်များကို နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ထုတ်ပေးသွားမည် ဖြစ်သည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကန်ထရိုက်လေလံများကို ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ငွေကျပ် ၃၄၃၆ ဒသမ ၃ သိန်းဖြင့်ရောင်းချခဲ့ခြင်းဖြစ် သည်။
.

ထိုသို့ လေလံရောင်းချရာတွင် ယာဉ်ရပ်နားစခန်းလုပ်ငန်း (၁) အ တွက် ငွေကျပ် ၁ဝ၅ သိန်း၊ ယာဉ်ရပ် နားစခန်းလုပ်ငန်း(၂)အတွက် ငွေ ကျပ် ၁ဝ၇ သိန်းနှင့် ယာဉ်ရပ်နားစ ခန်း(၃)အတွက် ကျပ် ၁ဝ၃ သိန်းဖြင့်  ဦးဆန်းမောင်မှလည်းကောင်း၊ ပျံ ကျဈေးကောက်လုပ်ငန်းအတွက် ငွေ ကျပ် ၂၅ဝ ဒသမ ၃ သိန်းဖြင့် ဒေါ်အိဖြိုးဦးမှ လည်းကောင်း၊ ဈေးဆိုင် ခန်းများ၊ အရောင်းပြခန်းများ၊ ချားရဟတ်နှင့် ကလေးကစားကွင်း လုပ်ငန်းများအတွက် ငွေကျပ် ၂၈၇၁ သိန်းဖြင့် ဒေါ်စန်းစန်းမြင့်မှ လည်း ကောင်း အသီးသီး တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် တင်ဒါရောင်းချရာတွင် ပါဝင်ခြင်းမရှိသည့် ရေချိုးခန်း/အိမ်သာ ကန်ထရိုက်လုပ်ငန်းအတွက် ချယ်ရီကွင်းဟိုတယ်သို့ ပေးအပ်ထား ပြီး ပွဲတော်ရန်ပုံငွေ ရရှိရေးအတွက် ပြက္ခဒိန်စောင်ရေ ၁ဝဝဝဝ ရိုက်နှိပ် ရောင်းချထားကာ အဆိုပါငွေများမှာ ရရန် ကျန်ရှိနေသေးသည်ဟု ပြည်နယ်လူမှုရေးဝန်ကြီးထံမှ သိရသည်။
.
တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ယာဉ်ကြောကြပ်တည်းမှု မဖြစ်ပေါ်စေရေးအတွက် ယာဉ်လမ်းကြောင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပိုမိုချဲ့ထွင် ရေးဆွဲထားကာ လမ်းကြောင်းပြ မြေပုံများကိုလည်း ချိတ်ဆွဲအသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
အခြားသော ဆောင်ရွက်မှုများ အနေဖြင့် ယခုနှစ် တောင်ကြီးတန် ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကွင်း အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို ပြသနိုင်ရန်၊ စီးပွားရေးကြော်ငြာများ ပြသနိုင် ရန်နှင့်  မီးပုံးပျံ လွှတ်တင်မှု တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို ပြသနိုင်ရန်အတွက် ပြိုင်ပွဲကွင်း၏ အရှေ့ဘက်တွင် LED ဘုတ်တစ်ခု စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲတော်လာ ဧည့်ပရိသတ်များ ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ နေ့ညမပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
၂ဝ၁၈ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင် ပွဲကို ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ ၂၂ ရက်အထိ အဝေရာမီးပုံးပျံ ကွင်းအတွင်း ၁၀ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို အောက်တိုဘာလ ၂၃ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
.
ယင်းအပြင် မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း အဖိတ်နေ့ဖြစ်သည့် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်တွင် လည်းကောင်း၊ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲကို ယင်းနေ့ ညပိုင်းတွင် လည်းကောင်း၊ မီးပဒေသာ လှည့်လည် ပူဇော်ပြိုင်ပွဲကို တန်ဆောင်မုန်းလပြည့်ည၊ နိုဝင်ဘာလ ၂၂ ရက်တွင် လည်းကောင်း၊ အသီးသီး ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အခြားပြိုင်ပွဲများဖြစ်သည့် ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲနှင့် စာပေဆိုင်ရာ ပြိုင်ပွဲများကို ပွဲတော်မစတင်မီတွင် အပြီးသတ်ရွေးချယ်သွားမည် ဖြစ်ကြောင်းသိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်သည် မြန်မာနိုင်ငံအတွင်းရှိ ၁၂ လရာသီပွဲတော်များအနက် ထင်ရှား ကျော်ကြားသည့် ပွဲတော်တစ်ခုဖြစ်ကာ နှစ်စဉ် ပြည်တွင်း/ပြည်ပမှ ခရီးသွား ဧည့်သည်များ အများအပြား လာရောက် လည်ပတ်လေ့ရှိရာ ခရီးသွား လုပ်ငန်းဖြင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးနိုင်သည့်ပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် ပြည်ပနိုင်ငံအချို့အား ဗီဇာကင်းလွတ်ခွင့် တစ်နှစ်တာ စမ်းသပ်ခွင့်ပြုထားရာ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက် လာဖွယ်ရှိနေသည်ဟု သိရသည်။

Journal Download

Photo of three cats