FPNCC မှ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် နမ့်ခမ်းမြို့သူးနန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNLA သဘောတူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

FPNCC မှ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် နမ့်ခမ်းမြို့သူးနန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNLA သဘောတူ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင်မှ TNLA ဖမ်းဆီးခေါ်ဆောင်ထားသည့် နန်းမိုဟွမ်အား ပြန်လွှတ်ပေးရန် FPNCC က ကြားဝင်စေ့စပ် ညှိနှိုင်းပေးပြီးနောက် အမြန်ဆုံးပြန်လွှတ်ပေးရန် TNLA က သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
.
.
FPNCC စီစဉ်ပေးမှုအရ အောက်တိုဘာလ ၉ ရက်နေ့တွင် “ဝဒေသ၊ ပန်ခမ်းမြို့၊ ပြင်ပဆက်ဆံရေးဌာန၊ အစည်းအဝေးခန်းမ၌ နန်းမိုဟွမ်မိသားစုဝင်များ၊ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအသင်းအဖွဲ့အစည်း ၁၀ ဖွဲ့မှ စေလွှတ်သော ကိုယ်စားလှယ် ၄ ဦးတို့နှင့် PSLF/TNLA တို့ နန်းမိုဟွမ်ပြန်လွတ်ရေးအတွက် ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
.
နန်းမိုဟွမ်အားလွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နန်းမိုဟွမ်မိသားစုဝင်နှင့် နမ့်ခမ်းမြို့နယ်၊ ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့၏ ကိုယ်စားလှယ်များက မေတ္တာရပ်ခံချက်အရ တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးဆက်ဆံမှုကို ရှေးရှု၍ PSLF/TNLA က ပြန်လွှတ်ပေးရန် သဘောတူလိုက်ခြင်းဖြစ်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် အောက်တိုဘာလ ၃ ရက်တွင် နန်းမိုဟွမ်၏ အစ်မဖြစ်သူ နန်းမိုခမ်းနှင့် နန်းခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့အစည်းများ ပူးပေါင်းလက်မှတ်ထိုးထားသည့် စာ ၂ စောင် ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်း ကော်မတီ (Federal Political Negotiation and Consultative Committee -FPNCC) သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
FPNCC အမြဲတမ်းကော်မတီက အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအခြေအနေများကို ၁ လနီးပါး မေးမြန်း စုံစမ်းကာ အဖွဲ့ဝင်အဖွဲ့အစည်း PSLF/TNLA နှင့် ပဏာမဆွေးနွေးမှုလုပ်ဆောင်ပြီးနောက် အောက်တိုဘာလ ၃ ရက် နေ့တွင် နမ့်ခမ်းမြို့နယ်၊ ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့နှင့် နန်းမိုခမ်းတို့အား FPNCC ဌာနချုပ်ရှိရာ ပန်ခမ်းမြို့သို့ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
နန်းမိုဟွမ်ကို နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိနေအိမ်တွင် သြဂုတ်လ ၁၇ ရက်၊ နံနက်ပိုင်းအချိန်၌ TNLA လက်နက်ကိုင် အဖွဲ့မှ ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဖမ်းဆီးထားခြင်းဖြစ်ကြောင်းကိုလည်း TNLA က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ တရားစီရင်ရေးအရ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
.
ပြည်သူတစ်ဦးအား ယင်းကဲ့သို့ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍ လူငယ်ကွန်ယက်(နမ့်ခမ်းမြို့)၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတို့က ထုတ်ပြန်ချက်များ ထုတ်ပြန်တောင်းဆိုခဲ့ကြပြီး နမ့်ခမ်းမြို့မှ ရှမ်းလူမှုအဖွဲ့အစည်းများ၊ မိသားစုဝင်များက ဆန္ဒထုတ်ဖေါ်တောင်းဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
.
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ (Federal Political Negotiation and Consultative Committee -FPNCC)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA နှင့် KIA တို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats