ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
ကြည်ညိုကုသိုလ်ပွား
.
ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် အ ပျော်အပါးပွဲလမ်းသဘင်ကို
လွန်စွာမှ နှစ်ခြိုက် လိုက်စားကြ၏။ သို့သော် မှတ်တမ်းမှတ်ရာပြု စုခြင်း၌မူ အားနည်းကြသည်။
အလေ့အကျင့် ကောင်းမရှိခဲ့ကြ၍ ဖြစ်ပါလိမ့်မည်။ သို့သော် တန်ခိုးကြီးဘုရားများ၏ သမိုင်းကြောင်းကိုမူ
စာပေရေးသား၍ မှတ်တမ်းမှတ်ရာ အတော်အတန် ပြုထားကြဖော် တော့ရပါသေး၏။ ဘေးဘိုး မိဘအစဉ်အဆက်
နှုတ်ပြောဘုရားသမိုင်းများ ကိုပို၍များများစားစား မှတ်တမ်းတင် မှတ်သား လက်ဆင့်ကမ်းလေ့လည်း
ရှိခဲ့ပါ၏။ စကားဆို သည့်အတိုင်း စပြောသည်နှင့် ကားသွားလေ့ရှိ မြဲပါ။ နားထောင်သူ စိတ်ဝင်စားမှု
ပိုမိုရှိအောင် ဟူသော ရည်ရွယ်ချက်ဖြင့် စကားအပြော ကောင်းသူတို့၏ ဥာဏ်ကျက်စားချဲ့ကားသည့်အ
တိုင်းပင် နားဆင်၍တော့ အတော်ကောင်း၏။ သဘာဝယုတ္တိယုတ္တာ တန်သည်မတန်သည်၊ ဖြစ်နိုင်ခြေရှိသည်
မရှိသည်ကတော့ တစ်ပိုင်း တစ်ကဏ္ဍဖြစ်တော့၏။ ငယ်စဉ်တုန်းကဘွားအေ ကြီးက ပုံပြင်ဒဏ္ဍာရီသဖွယ်
ပြောပြခဲ့သည်များ ကို ကျွန်တော်အလွန်နားစွဲ စိတ်စွဲခဲ့ရိုးအမှန်ပါ။ နောင်စာတွေ များများကြီးဖတ်ဖြစ်လာချိန်တွင်
အချို့အချို့သော ကိစ္စရပ်များ၌ ကွဲလွဲခြားနား ချက်ကြီးမားနေကြောင်း တွေ့ရပါတော့သည်။
မေလကုန်ရက်ပိုင်း၌ ကျွန်တော့်အနုပညာ မိတ်ဆွေလည်းဟုတ်၊ ဓမ္မမိတ်ဆွေလည်းဖြစ်သူ၊
ဓာတ်ပုံဆရာ၊ ဗွီဒီယိုရုပ်ရှင်ရိုက်ကူးမှု ဝါသနာ ထုံသူလည်းဖြစ်သူတစ်ဦးက ဖုန်းဆက်သွယ်လာ
ပါသည်။ အင်းလေးဖောင်တော်ဦးဘုရားဒေသ စာရီကြွချီသော ပွဲတော်ခရီးစဉ်တစ်လျှောက် သူအဆင်ပြေသလို၊
ကြုံကြိုက်သလို ထုံ့ပိုင်းထုံ့ပိုင်း မှတ်တမ်းတင်ရိုက်ကူးထားသည်များ အတော်လေးစုံလင်နေပါပြီတဲ့။
စတင်ရိုက်ကူးလာ ခဲ့သည့် နှစ်တွေလည်း မနည်းတော့ပြီတဲ့။ မှတ်သားဖွယ်၊ ကြည်ညိုကုသိုလ်ပွားဖွယ်
မှတ်တမ်း တင်ရုပ်ရှင် အဖြစ် ဆက်စပ်ဖန်တီးလိုသည်တဲ့။ အင်းလေးဖောင်တော်ဦး ဘုရားသမိုင်းအကြောင်း
နောက်ခံစကားပြော ထည့်ရေးတွင် ဆရာကူညီပြောပေးပါဦးဟု မေတ္တာရပ်ခံတောင်းဆိုလာ၏။ သူကတောင်မှ
အချိန်ကုန်ခံ၊ ငွေကြေးအကုန်အကျခံပြီး ကိုယ့် ဒေသနာမည်ကြီး ဘုရားအကြောင်းရိုက်ထုတ် လွှင့်ပြမည်
ကြိုးစားသည်ကို ကျွန်တော်က လေစိုက်၍ အဘယ်ကြောင့် မပြောပြနိုင်ရပါမည် နည်း။ ခါတိုင်းလည်း
ဟိုအကြောင်းသည်အကြောင်း သူ့မှတ်တမ်းတိုလေးတွေအတွက် အ မြဲကူညီပြောပြရိုက်ယူနေကျလည်းဖြစ်ပါသည်။
.
''ကြိုက်တဲ့အချိန် နေ့ရက်လာခဲ့ဗျာ။ ထုံးစံအ တိုင်း လက်တန်းပဲ ပြောပြပေးပါမယ်။
ကျွန်တော်သိသရွေ့ပေါ့နော်။ ကြိုတင်တော့ချိတ်ဗျို့'' ဟု အလွယ်တကူလက်ခံသဘောတူပေးခဲ့မိ၏။
တကယ်တမ်းရိုက်ကူးပြီဆိုသောအခါ ကျွန်တော် သိသရွေ့၊ သူမေးမြန်းသရွေ့၊လိုအပ်ရာရာလည်း ဖြည့်စွက်ပြီး
စေတနာဗရပွဖြင့် ပြောဆိုကူညီ လိုက်၏။ ပေါ့ပေါ့ပါးပါးပါပဲ။ အဲ ညအိပ်ရာဝင် ပြန်စဉ်းစားမိတော့မှ
နီးနီးစပ်စပ်တော့ဟုတ်ရဲ့။ သမိုင်းဆိုတာ တိကျမှ။ စာပြန်ဖတ် ပြန်ချိန်းပြန် ရိုက်မှ အတွေးပေါက်လာ၏။
.
ပြန်ချိန်း၊ ပြန်ရိုက်။
.
''ဗျို့ဆရာ ခင်ဗျား မှတ်တမ်းရုပ်ရှင်ကို လူ ကဲ့ရဲ့စရာမရှိအောင်
ပြန်ချိန်းပြန်ရိုက်မှဗျို့။ကျွန် တော်ပြောခဲ့တာ မတိကျဘူး။ နီးစပ်နေပေမယ့် တိကျမှကောင်းမယ်။
စာပြန်ဖတ်နေပြီ။ တစ် ရက်ပြန်လာခဲ့မှဖြစ်မယ်။ မဟုတ်ရင် အရှက်အိုး ကြီး ကွဲရချည်ရဲ့ဗျာ''ဟူ၍
ဝန်ခံပြောဆိုပြီးပြန်စီ စဉ်ကြရပြန်ပါသည်။ သူ့ခမျာ ယခုတစ်ကြိမ် တည်းပဲ နှစ်ခါပြန်ရိုက်ရ၍
အားနာမိရပါ၏။ သူက အကောင်းကြိုက်မို့တော်ပါသေး၏။ တကယ် တမ်းလေ့လာဖတ်ရှု ဆင်ခြင်ကြည့်သောအခါ
ဘုရားသမိုင်းစာက တစ်မျိုး၊ မိဘဘိုးဘွားပါးစပ် ဖျားသမိုင်းကတစ်သွယ်၊ သမိုင်းပညာနယ်က
သမိုင်းသုတေသီပုဂ္ဂိုလ်တွေ တွေ့ရှိယူဆချက်က တစ်ခြား၊ အတော်လေးကွဲပြားနေပါ၏။ မှားသည်
ဟုတော့မဆိုချင်ပါ။ လွဲနေတာတော့အမှန်ပါ။ ထို့ကြောင့် ပုဂံရာဇဝင်အကြောင်းပြောကြကြေး ဆိုလျှင်
တုတ်ထမ်း ဓားထမ်းပြောရမည်ဆိုသော ဆိုရိုးစကားကို ပိုပြီးနားလည်လာရတော့၏။ ယ ခုလည်း ပုဂံရာဇဝင်၌
ပါသော ပုဂံဧကရာဇ်မင်း တွေနှင့် ဘုရားသမိုင်းက စတင်ထားသည်လေ။
.
ပုဂံမင်းဆက်တွေအနက် အလောင်းစည်သူ ဘွဲ့ခံ မင်းသုံးပါးတောင်ရှိသည်ဟု
မှတ်သားဖူးသ ဖြင့် မှတ်ဥာဏ်ကို ပြန်လည်တူးဆွကြည့်တော့အ လောင်းစည်သူမင်းကြီးရယ်၊ သူနှင့်
နန်းတက် နှစ် ၅၅ နှစ် သာကွာသော သူ့မြေးနရပတိစည် သူ မင်းရယ်၊ နာမည်ဆင်သည့် နရသီဟပ တေ့က
စည်သူပါမပါ ကျွန်တော်မသေချာ၊ နရသီဟပတေ့ကတော့ တရုတ်ပြေးမင်းဖြစ်၏။ ကျွန်တော်သမိုင်းဘာသာကို
၉ တန်းအထိ သင်ယူခဲ့ဖူးသော်လည်း ၅၅ နှစ်လောက် ကြာခဲ့ပြီဆိုတော့ မှတ်ဥာဏ်သင်္ခါရဖြစ်ပြီ။
သ မိုင်းဆရာကြီး ဦးသိန်းသန်းထွန်းထံရောက် က သတိတရမေးမြန်းရဦးမည်ဟု တေးမှတ် ထားလိုက်၏။
တေးမှတ်တာပါ မေ့သွားရင်တော့ ဒုက္ခ။ ဓာတ်ပုံဆရာ မိတ်ဆွေကြောင့် စာပြန်ဖတ် ဖြစ်၊ သမိုင်းပြန်လေ့လာဖြစ်၍
သူ့ကိုတောင် ကျေးဇူးတင်ရပါ၏။ သို့သော် လူကတော့ မသက် သာလှပါ။ အသက်အရွယ်က အဘိုးလေး အရွယ်လေ။
အားလုံးယုတ်လျော့လာခဲ့ပြီဖြစ်ပါ သည်။
.
ယခုလာမည့် ၂ဝ၁၈ အောက်တိုဘာလ ၁ဝ ရက် ဗုဒ္ဓဟူးနေ့သည် ကမ္ဘောဇတိုင်းသတင်း
ဂျာနယ် အတွဲ ၄ အမှတ် ၃၉ ထွက်မည့်ရက်ဖြစ် ၏။ တိုက်ဆိုင်ချင်တော့ အင်းလေးဖောင်တော် ဦးဘုရားဒေသစာရီ
လှည့်လည်ကြွချီအပူဇော်ခံ မည့် ပွဲဦးထွက်ရက်ဖြစ်နေ၏။ စာဖတ်သူတို့ ကြည်ညိုကုသိုလ်ပွားအောင်၊
အဆင်ပြေသူတို့ အဆင်ပြေသည့်ရက် ရွာစဉ်လိုက်ပြီး ဖူးမြော် ကန်တော့ လှူဒါန်းနိုင်အောင်
နိဗ္ဗာန်အကျိုးမျှော် ၍ နှိုးဆော်ဆောင်းပါးတစ်ပုဒ် ဖန်တီးမည့် အ ကြံကောင်းရရှိလိုက်၏။
အကြံကားကောင်းပါ ၏။ တကယ်တမ်းရေးသားဖို့ကို လက်တွန့်မိရပါ ၏။ အကြောင်းမှာကား၊ ကွာဟချက်တွေရှိနေ
ရာ၊ အမှန်ဖြစ်နိုင်ဆုံး သမိုင်းပညာရှင်များ၏ တွေ့ရှိယူဆချက်ကိုလိုက်လျှင် ကျွန်တော့်
ဆောင်းပါးကြောင့် ပြဿနာကြီးငယ်တက်သွား မည်လား။ ဘုရားသမိုင်းဖြစ်သည့်အတိုင်း ဘု ရားသမိုင်းစာအတိုင်းပင်
ကျွန်တော်သည် ဓာတ်ပုံမိတ်ဆွေ၏ မှတ်တမ်းရုပ်ရှင်၌ နောက်ခံ ပြောကြားပေးခဲ့သည့်အတိုင်းသာ
ဆောင်းပါး ရေးသားသင့်သည် ဆုံးဖြတ်ရ၏။ အဆုံးသတ်၌ ကျွန်တော့်ယူဆတွေးတောဆင်ခြင်မှု''အတ္တ
နောမတိ''ကိုဖော်ပြပါက ကျွန်တော့်ကိုသာလျှင် အပြစ်ဖို့ ရန်ဖြစ်နိုင်၍သမိုင်းဆရာတို့
သက် သာခွင့်ရသွားကြပေလိမ့်မည်။
.
ပုဂံရာဇဝင်
.
အင်းလေးဖောင်တော်ဦးဘုရားသမိုင်း သည် ပုဂံရာဇဝင်၌ ထင်ရှားသော အလောင်း
စည်သူမင်းကြီး တိုင်းခန်းလှည့်လည်ခြင်းနှင့် ဆက်စပ်နေကြောင်း ဖတ်ရှုမှတ်သားရ၏။ ယင်း
သာသနာပြု မင်းကောင်းမင်းမြတ် တစ်ပါးဖြစ်သူ အလောင်းစည်သူမင်းကြီးသည် စကြဝတေးမင်း များကဲ့သို့
စကြာဖောင်တော်တို့ ကြိမ်စကြာတို့ ပိုင်ဆိုင်သူဟု သိရ၏။ တန်ခိုးအလွန်ကြီးမား တော်မူ၍
သိကြားမင်းတောင် ကိုယ်ထင်ပြလက် ဆောင် ပဏ္ဏာဆက်သရသည့် မင်းပါပေ။ လူမ ဆိုထားနှင့် နတ်တို့၏အရှင်သခင်သော်မှ
အရေးအကြောင်းဆိုက မနေသာသည့်သဘောရှိ ၏။ အထဲ၌ မြေအောက်တစ်ယူဇနာ၊ မြေပေါ် တစ်ယူဇနာ အာဏာစက်သက်ရောက်သူတဲ့။
တစ်ယူဇနာကို အင်္ဂလိပ်အယူ မျက်မှောက် ခေတ်သုံးသော မိုင်ခရီးနှင့် တန်းညှိလျှင် ၁၃ မိုင်ခွဲဟု
ဆို၏။ ၇ မိုင်ခွဲဟုလည်းဆိုကြသည်။ မနည်းလှသော အနက်နှင့်အမြင့်ပါပေ။ ကျယ် ပြန့်ပုံမှာလည်း
ဇမ္ဗူဒီပါလက်ယာ တောင်ကျွန်း တစ်ခုလုံးဆို၏။ သေးငယ်သောကြွက်ကတောင် ဖွဲဆန်ကွဲမပါသည့် သလေးဆန်စေ့ကောင်းချည်း
ဘဏ္ဍာဆက်သရသည်တဲ့။ ပျားများက ပျား ရည်ဆက်သရသည်တဲ့။ စာဖတ်သူတို့ ယုံသည်၊ မယုံသည်ကတစ်ပိုင်း။
ဖတ်ရှုရသည့်အတိုင်း ဖော်ပြရသည်ကား တစ်ကဏ္ဍ။
.
ယင်း အလောင်းစည်သူမင်းကြီးသည်ကျွန်း ဦးဇမ္ဗူဒိပ်အရောက်သွားမည်။မြင့်မိုရ်တောင်
ထိပ်သို့လည်း ရောက်ဖူးအောင်သွားမည်စသော ရည်ရွယ်ချက်ဖြင့်၊ ဖောင်စကြာဖြင့်နောက်လိုက်
နောက်ပါတို့နှင့် တိုင်းခန်းလှည့်၏တဲ့။ ဇမ္ဗူဒိပ်ရှိ ဇမ္ဗူ့သပြေပင်ထိရောက်၏။ သပြေသီးတွေပင်
လယ်ရေပြင်ပေါ်ကျသည့်အသံမှာ သာယာနာ ပျော်ဖွယ်ရှိလွန်း၍ အတုယူတီးခတ်ရာမှ တေးဂီ တသံစဉ်တွေ
ဖြစ်ပေါ်လာရသတဲ့။ မြင့်မိုရ်တောင် ဟူသည် လူသားတို့ မရောက်ရှိနိုင်အောင် နတ် တို့ဖုံးကွယ်ထားတာတဲ့။
သည်သောအခါ မင်း ကြီး၏ အကြံအစည်ကို တားမြစ်ရန်၊သိကြား မင်းကိုယ်ထင်ပြကာ ဥပါယ်တံမျဉ်ဖြင့်
အသင် မင်းကြီးသည် ဗုဒ္ဓသာသနာပြုရန်ရှိပါသေး၍ ဗောဓိသာခါကိုင်း၊ သရက္ခန်သားနှင့်သရီဓာတ်
တော် ၆ ဆု ယူဆောင်ပင့်ကိုးကွယ်ပါလေဟု ပြောကြား ဆက်သပေးအပ်ပါသတဲ့။ ဇမ္ဗူ့သပြေ ပင်ရင်းရှိ
ဘုရားရှင်တိုင်း၏နေရာ ကျောက်ဖြူ ကျောက်ဖြာ၏ သက္ကဒန်ဦးကို ဘုရားဆင်းတု ထုပူဇော်၏။ ရှင်ဖြူဘွဲ့တော်ရှိ၏။
သပြေပင်၏ လက်ယာငုတ်ကိုလည်း ဘုရားတစ်ဆူထု၏။ ရှင်ညိုဘွဲ့ဖြင့် ကိုးကွယ်၏။
.
သိကြားမင်းဆက်သသော သရက္ခန်နံ့သာ သားကို ဘုရားငါးဆူထု၏။ ဆောက်စာဆူးစာ
တို့ကို သပြေသား ဗောဓိသားတို့ ပေါင်းစပ်ပြီး မြတ်ပေါင်းမဉ္ဇူဘုရားတစ်ဆူထု၏။ ယင်းဘုရား
၆ ဆူထဲ၌ ဗုဒ္ဓသရီရဓာတ်တော် တစ်ဆူစီထည့် သွင်း ဌာပနာပူဇော်၏။ အားလုံးကို ဖောင်တော် ဦး၌
အမြတ်တနိုး လေးမြတ်စွာပူဇော်ထားရှိ ကာ ဖောင်စကြာခရီးဆက်ပါသတဲ့။ တစ်ချိန်၌ ရှမ်းကုန်းပြင်မြင့်ဘက်ဆီသို့
တိုင်းခန်းလှည့်ရန် အကြံဖြစ်ပေါ်၏။ အင်းရေပြင်၏ နန္ဒာကန်အ လား စိတ်ကြည်နူးဖွယ်ကို သပြေညိုတောင်တန်း
ပေါ်မှ မြင်ရချိန်၊ ယာယီစံမြန်းဖို့ စိတ်ဖြစ်၏။ တွေးတောငေးမောနေစဉ်၊ ဖောင်တော်ကြီးသည် မဖြစ်စဖူး သပြေညိုတောင်တန်းကို တိုက်မိရပ် တန့်၏။
သန်လျက်တော်ဖြင့် ပိုင်းခုတ်ရာ ယခု အထိ ဖောင်တော်ပေါက်ဆိုသော တောင်အ ပြတ်ကြီးပေါ်ပေါက်၏။
ယင်းမှ ဖောင်စကြာဖြင့် ဖြတ်ကာ အင်းရေပြင်ပေါ်သို့ ရောက်၏တဲ့။
.
သန်းတောင်
.
တောင်တန်းကို ပိုင်းဖြတ်ခုတ်စဉ်၌ သန် လျက်တော် စင်ထွက်ကာ အင်းစပ်တစ်နေရာ
ကုန်းမြေ၌ထောင်လျက် စိုက်နေ၏။ ထို့ကြောင့် ယင်းအရပ်ကို သန်လျက်ထောင်ဟု တွင်ရာမှ ကာလရွေ့လျားပြီး
သန်းတောင်ဟု ယခုခေါ် သော အရပ်ပါတဲ့။ အချို့ကလည်း မြန်မာ့အတိုင်း အထွာတစ်တောင်ကို လက်သန်းဖျားဖြင့်ယူ၍
လက်သန်းတောင်မှ သန်းတောင်ဖြစ်လာခြင်း ပါတဲ့။ ကြိုက်ရာကိုယူနိုင်ပါ၏။ သမိုင်းကြောင်း
ကို ဆက်ရလျှင်၊ ဖောင်တော်ရပ်တန့်ခြင်းမှာ ဘုရားတည်စေလို၍ဖြစ်ကြောင်း ဟူးရားဖြူ၊ ဟူး
ရားညိုတို့လျှောက်တင်ကြပါသတဲ့။ သို့နှင့်အင်း လေးတစ်ကြော၊ ပထမဦးဆုံးတည်သော ဖောင် တော်ဦးဘုရား(စေတီ)သည်ကား
သန်းတောင် အရပ်ဖြစ်ပါသတဲ့။ မင်းကြီးသည် ရှမ်းပြည်နယ် တောင်ပိုင်းတစ်ခွင် ဖောင်တော်ဦးဘုရားပေါင်း
၃၈ ဌာနတည်ခဲ့သည်ဟု သမိုင်းကဆို၏။ ထူး ဆန်းသည်မှာ နောင်တော်ဘုရားဖြစ်သည်ဆို သော ဟဲဟိုးမြေခြားဖောင်တော်ဦးဘုရားသည်
ယင်း ၃၈ ဌာန၌ လုံးဝမပါရှိခြင်းပါ။ ဟဲဟိုးပြီးမှ အင်းလေးဘက်သို့ ရောက်ရှိသော လမ်းကြောင်း
ရှိ၍ ဘုရားပွဲတော်ရက်အတွင်း ဟဲဟိုးဝန်းကျင် ရှိ ရပ်ရွာသူရပ်ရွာသားများတို့ ဖောင်တော်ပေါက်
လမ်းမှ ခြေကျင်လာဖူးကြမြဲဖြစ်၏။
.
နှစ် ၂၇ဝ ခန့်အကြာ
.
သမိုင်း၌ အလောင်းစည်သူမင်းကြီး ကောဇာ ၄၇၅ ခုနှစ်၌မင်းဖြစ်၏။ နောင်
၇၂၁ သို့ရောက်သောအခါ စော်ဘွားကြီးစီဆိုင် ဖက ညောင်ရွှေမြို့ကိုတည်၏။ ယင်းစော်ဘွား လက်ထက်
သန်းတောင်အရပ်၌ ရောင်ခြည် တော်ကွန့်မြူးကြောင်း လာသတင်းပို့၏။ ရှာဖွေ စစ်ဆေးကြည့်ရန်
အမိန့်ကြောင့် ချုံနွယ်ပိတ် ပေါင်းကြီး ဖုံးလွှမ်းသည့်နေရာမှ ရောင်ခြည်ကွန့် မြူးသဖြင့်
ခုတ်ထွင်ရှင်းလင်းရာ ဘုရားပြိုပျက် ဟောင်းကိုတွေ့၏။ တောင်ဘက်မုခ်၌ ဌာပနာ တိုက်တွင်းဘုရားဆင်းတုတော်
၅ ဆူရ၏။ ယင်းအဖြစ်အပျက်မှာ အင်းလေးဖောင်တော်ဦး
ပြန်လည်ဖူးရခြင်းအစဖြစ်၏။ ညောင်ရွှေဟော် နန်းသို့ပင့်ပြီး ကိုးကွယ်၏။ သီတင်းကျွတ်လ
ဆန်း ၇ ရက်နေ့၌ မြို့သူမြို့သားများ ပူဇော်နိုင် ရန် ဟော်နန်းပေါ်မှ နှစ်စဉ်ယာယီစံကျောင်းပြ
သာဒ်၌ ပင့်ဆောင်ထားခဲ့၏။ နောင်နှစ် ၂၆ဝ ခန့်အကြာ ကောဇာ ၉၈ဝ ခရစ် ၁၆၁၈ သို့ ရောက်သော
အမျိုးသမီးစော်ဘွားစဝ်နန်းနွန် ဖဲအုပ်ချုပ်၏။ ဘေးပတ်ဝန်းကျင်နယ်များက စစ်မက်ပြုလာ၍
ဖောင်တော်ဦးဘုရားကို အင်း တိန်အရပ်၌ သွားဝှက်ထားရ၏။ အစဉ်အလာ မပျက်၊ သီတင်းကျွတ်လဆန်း
၇ ရက် ညောင် ရွှေဟော်နန်းသို့ ပင့်ဆောင်ပူဇော်၏။ လွန် ခဲ့သော နှစ် ၂၃ဝ ကျော် မှတ်တမ်းအရညောင်
ရွှေတစ်ညကျိန်း အခြားကြားဌာနမရှိ မကျိန်း ဟုသိရ၏။ ထိုမှတ်တမ်း၏နောက်ပိုင်းမှာ ကြား ဌာနများ၌
ညကျိန်း အစဉ်အလာဖြစ်လာပုံရှိ ၏။ ၁၉၆ဝ မတိုင်မီ ၆ ဌာနကျိန်းမှတ်တမ်းရှိ ၏။
.
မင်းအဆက်ဆက်
.
သမိုင်းမှတ်တမ်းများအရ ရွှေအင်းတိန်နှင့် သန်းတောင်ဘုရားများကို
မင်းအဆက်ဆက်တို့ လာရောက်ပြုပြင်ပူဇော် ကြသည်သိရ၏။ညောင် ရမ်းမင်း ၁၆ဝ၂ မှတ်တမ်းတွင်
အင်းလေးအုပ် ချုပ်ရေး ဗဟိုဌာနသည်ရွှေအင်းတိန်ဖြစ်၏။ သာ လွန်မင်း ၁၆၃၈ မှတ်တမ်းအရ အင်း
၎ ရွာ ငွေခွန်မှူးအုပ်ချုပ်၏။ ယခု ၁၃၈ဝ ပြည့်၊ ခရစ်နှစ် ၂ဝ၁၈ ဖြစ်၍လွန်ခဲ့သော ၅၆ နှစ်ကြာ
ခဲ့စဉ် ၁၉၅၂ ခုနှစ်က နန်းဟူးကျောင်းတော်အုတ် မြစ်ချ၏။ ၁၉၅၄ ခုနှစ်တွင် ညောင်ရွှေစော်ဘွား
စဝ်ရွှေသိုက် သမ္မတဖြစ်စဉ်၊ လေယာဉ်နှင့် ရ ထားအထူးနှုန်းဖြင့် ဘုရားပွဲတော်ပြေးဆွဲပေးခဲ့
၏။ ၁၉၅၆ ခုနှစ်၊ သာသနာ ၂၅ဝဝ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့နှင့် နောက်ပိုင်း နယုန်လပြည့်
နေ့၌ လူမျိုးစုလွှတ်တော် နာယက ညောင်ရွှေစော် ဘွားစဝ်ရွှေသိုက်ဦးဆောင်ပြီး နန်းဟူးကျောင်း
တော်ဖွင့်ပွဲကျင်းပခဲ့၏။ လပြည့်ကျော် ၆ ရက် ဘုရားကျောင်းတော်တက်ပွဲများ ကျင်းပခဲ့၏။
ယင်းနှစ် သီတင်းကျွတ်လဆန်း ကျောင်းတော် ဆင်းပွဲ၊ ရွှေအင်းတိန်သို့ ဦးစွာကြွချီခြင်း၊
ညောင်ရွှေသို့ လဆန်း ၇ ရက်အရောက်ကြွခြင်း၊ ကျောင်းတော်ဝင်ပွဲများကို ရှေးထုံးအညီ ဆက်
လက်ကျင်းပခဲ့ကြ၏။ ၂ဝဝ၁ ခုနှစ်မှစ၍ ညောင် ရွှေမြို့၌ သုံးညကျိန်းတိုးမြှင့်လျက် ခရီးစဉ်
၁၈ ရက် ၁၇ ည ကျိန်းကာ ၂၁ ဌာနသို့ ကြွချီ တော်မူသော အစဉ်အလာဖြစ်ခဲ့သည်။
.
ကျောင်းတော်စောင့်
.
အင်းလေးတစ်ခွင် မော်တော်စီး၍ ဘုရား ဖူးလေ့လာရေး ခရီးထွက်က မြေနီကုန်းရှမ်းရွာ
အနီး ဟင်္သာအမှတ်အသား တိုင်ကို တွေ့ကြရ ပါမည်။ ယင်းနေရာသည် ၁၉၆၅ ခုနှစ် ပွဲတော် ရက်အတွင်း
(၁၃၂၇ သီတင်းကျွတ်လဆန်း ၆ ရက်)ဟဲယာရွာမမှ ကြေးစားကုန်းသို့ ကြွစဉ်မိုး လေမုန်တိုင်းပြင်း၍
ဖောင်တော်တိမ်းစောင်းခဲ့ ၏။ ရုပ်ပွားတော်နှစ်ဆူ ရေသပ္ပာယ်ငုပ်ဆင်း တော်မူရာအရပ်ဖြစ်၏။
တစ်ဆူဆယ်ယူနိုင်ပြီး ကျန်တစ်ဆူရှာမရ၍ ကျောင်းတော်သို့အ ကြောင်း ကြားရန်သွားတော့ ပလ္လင်ပေါ်၌
ပြန် ကြွရောက်နှင့်နေပြီ။ နောင် ၅ ဆူလုံးပင့်တိုင်း မိုးမုန်တိုင်းကျမြဲဖြစ်ရာ ကျောင်းတော်စောင့်အ
ဖြစ် ချန်ရစ်ကာ ထည့်မပင့်တော့ပေ။ ကျောင်း တော်သို့ ပွဲရက်အတွင်း ဘုရားဖူးလာကြသူ များ
တစ်ဆူဖူးခွင့်ရသဖြင့် ပိုအဆင်ပြေပါသည်။
.
စံနေတော်ပုံ
.
ပလ္လင်ထက်ဝယ် ဘုရား ၅ ဆူ စံနေတော် ပုံမှာ အလယ်ဗဟိုတည့်တည့် အမှတ်
၁ တစ် ဆူ။ အရှေ့တောင် အင်္ဂါထောင့် အမှတ် ၂။ အနောက်တောင် စနေထောင့် အမှတ် ၃၊ အ နောက်မြောက်
ရာဟုထောင့် အမှတ် ၄၊ အ ရှေ့မြောက် တနင်္ဂနွေထောင့် အမှတ် ၅ တို့ဖြစ် ကြပြီး နောက်ဆုံးအမှတ်
၅ သည် ကျောင်း တော်စောင့်တစ်ဆူဖြစ်ပါသည်။ ရုပ်ပွားတော် ၅ ဆူလုံးတို့သည် သရက္ခန်သားအစစ်လား။
ဖောင်တော်ဦးဘုရား မူလထုဆစ်သော ရုပ်ပွား တော်အစစ်ချည်းများလား စသဖြင့် မေးမြန်းစုံ
စမ်းကြသူရှိပါသည်။ သန်းတောင်ဘုရား၌ ရရှိ ပူဇော်သော ဘုရားများမှာ ဤဘုရား ၅ ဆူတို့ ဖြစ်ကြောင်း
သိရ၏၊ သို့ဆိုလျှင် ပထမဦးဆုံး တည်သောဘုရား၌ ဖောင်တော်ဦးဘုရားသရ က္ခန် နံ့သာသားများချည်း
ဖြစ်နိုင်ပါ့မလား စော ဒကတက်နိုင်ပါ၏။ ကျန် ၃၈ ဌာန၌လည်း ဘု ရားတည်သေးသည်ကို သတိချပ်သင့်၏။
မြတ် ပေါင်းမဉ္ဇူတစ်ဆူကိုမူ မဟာဂါမရွာကျောင်းဆ ရာတော် အရှင်အရိယဓဇဓမ္မရာသီထံ အပ်နှံခဲ့
ကြောင်း သမိုင်းစာ၌ဆို၏။
.
''သရက္ခန်စစ် လက်လေးသစ်''ဆိုရိုးစ ကား၌ သရက္ခန်နံ့သာစစ် ရှားပါးလွန်း၍
ရုပ်ပွား တော်ကြီးကြီးမားမား ထုဆစ်ရန် မဖြစ်နိုင်ကြောင်း သိရ၏။ ရုပ်ပွားတော် ၅ ဆူတို့၏
အရွယ်အစားနှင့် ပုံပန်းသဏ္ဍာန်တော်အရ အ လယ်တစ်ဆူသည် လုံးဝိုင်းနိမ့်၍ သရက္ခန်ဖြစ် နိုင်ခြေများ၏။
ကျန်လေးဆူတို့မှာ အရွယ်အစား အနိမ့်အမြင့်သာ ကွာ၏။ လည်တိုင်တော်နေရာ သိမ်နေခြင်းတူကာ
အရံအဖြစ် ဝန်းရံနေပါ၏။ ဥာဏ်တော်မြင့်ကြောင်း ထင်ရှား၏။ အမှတ် ၂ တစ်ဆူအကြီးဆုံးဖြစ်ကာ
မဏိတော်၌ ရောင် လျှံတော်ပါနေသဖြင့် ရောင်လျှံတော်ထည့်ထု ခြင်းခေတ်မှာ အင်းဝခေတ်ဖြစ်ကြောင်း
သမိုင်း သုတေသီတို့ဆိုကြ၏။ ဘွဲ့တော်များမှာ အမှတ် (၁)ကကုသန္ဓ ဒက္ခိဏသာခါ၊ အမှတ်(၂)ကဿ
ပ၊ အမှတ်(၃) ကောဏဂုံ၊ အမှတ်(၄)ဂေါတမ၊ အမှတ်(၅)အရိမေတ္တယျကိုယ်စားဟု ပြသည်။ ဤဘဒ္ဒကမ္ဘာပွင့်ဘုရား
အမှတ်(၂)မှာ ကောဏ ဂုံ၊ အမှတ်(၃)မှာ ကဿပဖြစ်ရာ လက်ျာရစ်ခြံ ရံခြင်း အမှတ်စဉ်(၂)နှင့်(၃)မှန်ကန်သော်လည်း
ဘုရားပွင့်အစဉ်လွဲနေပါ၏။ အမှတ်(၅)ကို မှတ် တမ်းတစ်ခု၌ ရဟန္တာခီဏာသဝဟုလည်း အခိုင် အမာပြပြန်ရာ
ဝိဝါဒကွဲလွဲနေပြန်သည်။ ကြိုက် ရာယူ၍ သမိုင်းဝါသနာရှင်တို့ ဆက်လေ့လာရန် လိုမည်။ ဘုရားနေရာလွဲမှားနေလျှင်
အန္တရာယ် ကပ်ရောက်တတ်ကြောင်းကို လူကြီးများ ယုံ ကြည်မှတ်ယူတတ်ပါကြောင်း။ ။
.
.
.
#KBZTai #Shan