တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ခရီးသည်တင်ယာဉ်လိုင်းများတွင် ခရီးသည်သွားလာမှုပုံစံ အပြောင်းအလဲ ကြောင့် အခက်အခဲများ တွေ့ကြုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ခရီးသည်တင်ယာဉ်လိုင်းများတွင် ခရီးသည်သွားလာမှုပုံစံ အပြောင်းအလဲ ကြောင့် အခက်အခဲများ တွေ့ကြုံ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရှမ်းပြနယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ ပြေးဆွဲ နေသည့် ခရီးသည်တင် ယာဉ်လိုင်းများတွင် ခရီးသည်များ၏ သွားလာပုံစံ အပြောင်းအလဲကြောင့် ခရီးသည် ရရှိမှု အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
.
.
တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်တွင် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်းမှ စတင်၍ ခရီးစဉ် အစအဆုံး လက်မှတ်ဝယ်ယူ သွားလာခြင်းများ လျော့နည်းကျဆင်းလာလျက်ရှိကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။
.
“အခုလက်ရှိမှာ ရခိုင်တိုင်းရင်းသားတွေကို သံလွင်မြစ်ကူးတံတားဖြစ်တဲ့ တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ် ကနေ ဖြတ်သန်းခွင့်မပြုလို့ နောက်ကြောင်းပြန်ကြရတဲ့ ဖြစ်စဉ် ဖြစ်ပြီးကတည်းက ရခိုင်လူမျိုးတွေက ရန်ကုန်ကနေ လေယာဉ်စီးပြီး ကျိုင်းတုံကို လာနေကြပါတယ်။ ပြီးတော့ မိတ္ထီလာနဲ့ မြေပြန့်ဒေသတွေကနေ ကုန်တင်ယာဉ်တွေ၊ နံပါတ်အနက် ကားတွေနဲ့ တာချီလိတ်အထိ အသွား/အပြန် လုပ်လာကြတာတွေ ရှိနေပါတယ်”ဟု တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲနေသည့် ယာဉ်မောင်း စိုင်းလုံက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးဟန်သင်းက “တရားမဝင် ပြေးဆွဲနေတဲ့ ကားတွေကို ရှောင်တခင်စစ်ဆေးတာနဲ့ အသိပညာပေးတာတွေကို မထသ၊ ပို့/ဆက်နဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ရခိုင်တိုင်းရင်းသားတွေ လေ ကြောင်းခရီးစဉ် အသုံးပြုနေတာကတော့ နိုင်ငံသားအခွင့်အရေးဖြစ်လို့ ဘာမှမပြောလိုပါဘူး”ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်သည် မိုင် ၄၀၀ ခန့် ကွာဝေးပြီး ခရီးသည်ရရှိမှု အခြေအနေအရ လမ်းတွင် တစ်ညအိပ် သွားလာနေရပြီး ခရီးသည်တင် ၁၄ ယောက်စီး Hiace နှင့် အံစာတုံး မော်တော်ယာဉ်များဖြင့် ပြေးဆွဲ လျက်ရှိကာ သီတင်းကျွတ်၊ တန်ဆောင်မုန်းနှင့် တန်ခူးလကဲ့သို့ သော ပွဲလမ်းသဘင် ရာသီများတွင် ခရီးသည် များပြားလေ့ရှိကြာင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats